ကြော်ငြာတွေရောင်းချဖို့ သုံးစွဲသူဖုန်းနံပါတ်တွေကို Twitter အသုံးချခဲ့

Twitter ဟာ ကြော်ငြာတွေရောင်းချဖို့ account လုံခြုံရေးအတွက် သုံးစွဲသူက ပေးထားတဲ့ ဖုန်းနံပါတ်တွေနဲ့ အီးမေးလ်လိပ်စာတွေကို အမှုမဲ့အမှတ်မဲ့ အသုံးပြုခဲ့ပါတယ်။ အဲဒီကိစ္စကို Twitter ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဇူလိုင်လမှာ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (FTC) က Facebook အနေနဲ့ အလားတူကိစ္စမျိုးကို ပြုလုပ်ချိန်မှာ ဥပဒေချိုးဖောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သုံးစွဲသူ အချက်အလက်တွေကို အလွဲသုံးစားပြုလုပ်မှုတွေအတွက် FTC က Facebook ကို ဒေါ်လာ ၅ ဘီလျံ ဒဏ်ရိုက်ခဲ့ပါတယ်။

Twitter သုံးစွဲသူတွေဟာ two-factor authentication လိုမျိုး ဝန်ဆောင်မှုတွေကတစ်ဆင့် account ကို လုံခြုံအောင် ပြုလုပ်ပေးနိုင်ဖို့ သတင်းအချက်အလက်တွေကို ထောက်ပံ့ပေးခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ လူဘယ်လောက်ထိခိုက်လဲဆိုတာ မပြောနိုင်သေးပေမယ့် ပွင့်လင်းမြင်သာမှုရှိအောင် ကြိုးပမ်းနေပါတယ်။ လူတိုင်းကို သတိထားစေချင်ပါတယ်” လို့ Twitter က blog post မှာရေးသားထားပါတယ်။

တစ်ကိုယ်ရေ အချက်အလက်တွေကိုတော့ ဝေမျှမထားဘူးလို့ ပြောခဲ့ပါသေးတယ်။ “အခုလို ဖြစ်ပျက်သွားတာကို ကျွန်တော်တို့ အလွန်ဝမ်းနည်းမိပြီး အခုလို အမှားမျိုး ထပ်မဖြစ်အောင် ဆောင်ရွက်နေပါတယ်” လို့ ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

စိုးထက်
Ref: CNN