ခရီးသွားလာရေးဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် Wave Money နှင့် FlyMya တို့ ပူးပေါင်း

မိုဘိုင်းငွေပေးချေမှုရဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wave Money နဲ့ ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားရေးဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ FlyMya.com တို့ ခရီးသွားလာရေးဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်က ဆူးလေရှန်ဂရီလာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုအတွေ့ကြုံတွေ ရရှိလာအောင် လုပ်ဆောင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အထူးအားပေးပါတယ်။ ဒါ့အပြင် Wave Money အနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ ငွေပေးချေမှု ပိုမိုလွယ်ကူစေရုံသာမက အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဏာရေးဆိုင်ရာ အသိုက်အဝန်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှု အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်” ဟု Wave Money ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Brad Jones က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုမိုလွယ်ကူပြီး စိတ်ချရတဲ့ ငွေပေးချေမှုကို မိုဘိုင်းလ်ပိုက်ဆံအိတ်က တစ်ဆင့် ပေးစွမ်းနိုင်ပြီး တစ်ချိန်တည်းမှာပဲ သမားရိုးကျ ငွေပေးချေရေးမှာ အခက်အခဲတွေကို သက်သာစေမှာပါ။ Wave Money နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားဝန်ဆောင်မှုကဏ္ဍ လွယ်ကူချောမွေ့စေပြီး ခေတ်မီတဲ့ ဝန်ဆောင်မှု ပေါ်ပေါက်ရေးအတွက် ခြေလှမ်းသစ်တစ်ခုပဲ ဖြစ်ပါတယ်” လို့ FlyMya ရဲ့ ဥက္ကဌဖြစ်သူ ဦး Mike သန်းထွန်းဝင်းက ဆိုပါတယ်။

အဆိုပါ ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် WavePay အသုံးပြုကာ ထပ်လောင်းကုန်ကျမှုမရှိဘဲ FlyMya ရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ WavePay အသုံးပြုသူတွေအနေနဲ့ FlyMya ဝက်ဘ်ဆိုက်မှတစ်ဆင့် ပိုမိုမြန်ဆန်၊ လွယ်ကူစွာဖြင့် လေကြောင်းနဲ့ ကားလက်မှတ်များ ဝယ်ယူနိုင်တဲ့အပြင် ခရီးစဉ်များ၊ လေဆိပ်အကြိုအပို့၊ ကားအငှားဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း