ဒစ်ဂျစ်တယ်မြန်မာစာနှင့် ယူနီကုဒ်စံကူးပြောင်းရေး

“ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင်းသားစာများ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်လာမည်”

ယူနီကုဒ်ဆိုသည်မှာ တစ်ကမ္ဘာလုံးရှိ ဘာသာစကား အာလုံးကို ကွန်ပျူတာစနစ် အမျိုးမျိုးတွင် ရေးဖတ်နိုင်ရန်၊ အပြန်အလှန် တွဲဖက်အသုံးပြုနိုင်ရန်နှင့်အဆင့်မြင့်သော ဘာသာစကားအသုံးပြုခြင်း ဆောင်ရွက်မှုများ စွမ်းဆောင်နိုင်ရန် ရည်ရွယ်၍ အက္ခရာများအား နံပါတ်သတ် မှတ်သိမ်းဆည်းခြင်းဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းဖြစ်ပါသည်။ ယူနီကုဒ်စံစနစ်ကို Unicode Consortium အဖွဲ့အစည်းက နိုင်ငံတကာ စံချိန်စံညွှန်းအဖွဲ့အစည်း (International Standard Organization, ISO) နှင့် နိုင်ငံတကာအီလက်ထရောနစ်ဆိုင်ရာ နည်းပညာကော်မရှင် (International Electrotechnical Commission, IEC) တို့နှင့် ပူးပေါင်းကာ နည်းပညာအချက်အလက်များ (Character Database, Technical Standards, Technical Notes, Common Locale Data Repository) ကိုသတ်မှတ်ပြီး ပြဋ္ဌာန်းထုတ် ပြန်ပါသည်။ နိုင်ငံတကာစံချိန်စံညွှန်း အဖွဲ့အစည်း (ISO) ၏ ISO/IEC 10646 စံချိန်စံညွှန်းအရ Universal Coded Character Set တွင် တစ်ကမ္ဘာလုံးရှိ ဘာသာစကားအားလုံးအတွက် အက္ခရာပေါင်း ၁၃၇,၀၀၀ ကျော် သတ်မှတ်ထားပါသည်။

ယူနီကုဒ်စံကို အသုံးပြုခြင်းအားဖြင့် မြန်မာစာနှင့် တိုင်းရင်းသားစာများကို ကမ္ဘာတစ်ဝန်းရှိ ဘာသာစကားများနှင့် တွဲဖက်ကာ အပြန်အလှန်‌ရေးသား အသုံးပြုနိုင်မည့်အပြင် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်း အသုံးပြုရာတွင် အက္ခရာစဉ်ခြင်း၊ ရှာဖွေခြင်းနှင့် ဘာသာပြန်ခြင်းအစရှိသော ဘာသာစကားများနှင့် သက်ဆိုင်သည့် အခြေခံနှင့် အဆင့်မြင့် လုပ်ငန်းစဉ်များကို ဆော့ဝဲစနစ်မျိုးစုံတွင် လွယ်လင့်တကူ အသုံးပြုလာနိုင်ကြပါလိမ့်မည်။ Gboard, Google Translate, Google Maps, Google Lens, Microsoft Office, ICU, CLDR အစရှိသော နိုင်ငံတကာ ဆော့ဖ်ဝဲစနစ်များနှင့် Windows, Mac, Linux, Android, iOS အစရှိသော Operating Systems များသည် ယူနီကုဒ်စံစနစ်ကိုသာ အခြေခံထားကြသည့်အတွက် ၎င်းဆော့ဖ်ဝဲများကိုလည်း ပိုမိုတွင်ကျယ်စွာ အကျိုးရှိရှိ အသုံးပြုလာနိုင်ကြမည် ဖြစ်ပါသည်။

လက်ရှိအခြေနေတွင် မြန်မာနိုင်ငံသည် ယူနီကုဒ်စံကို ပြောင်းလဲသုံးစွဲနိုင်ခြင်း မရှိသေးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပါ သည်။ အခြားနောက်ဆုံး နိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့သည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တွင် ယူနီကုဒ်စံစနစ်သို့ ကူးပြောင်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ အတွက် ယူနီကုဒ်ခရီးစဉ်မှာ နှစ် ၂၀ ခန့်ကြာရှိခဲ့ပြီဖြစ်ပါသည်။ မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့် မြန်မာကွန်ပျူတာပညာရှင်များ၏ ကြိုးပမ်းမှုဖြင့် မြန်မာသတ်ပုံကျမ်းပါ အစဉ်လိုက် သတ်မှတ်ထားသည့် မြန်မာအက္ခရာ ရ၈ လုံးအတွက် စံသတ်မှတ်ခြင်း ကို ၁၉၉၉ ခုနှစ်တွင် ထွက်ရှိသော Unicode 3.0 တွင် စတင်ပါဝင်ခဲ့ပါသည်။ ထိုနောက်တွင် မြန်မာစာအဖွဲ့ဝင် ဆရာကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာကွန်ပျူတာ ပညာရှင်များ၊ တိုင်းရင်းသား စာပေပညာရှင်များ၏ ဆက်လက်ကြိုးပမ်းမှုများကြောင့် အဆင့်ဆင့်တိုးတက်မှု ရရှိခဲ့ပါသည်။ ဆက်လက်၍ ၂၀၀၈ ခုနှစ်တွင် ထွက်ရှိသော Unicode 5.1 တွင် မြန်မာအက္ခရာ ၁၅၆ လုံး၊ ၂၀၀၉ ခုနှစ်တွင် ထွက်ရှိသော Unicode 5.2 တွင် မြန်မာအက္ခရာ ၁၈၈ (၁၆၀ + ၂၈ Extended A) လုံး၊ ၂၀၁၄ ခုနှစ်တွင် ထွက်ရှိသော Unicode 7.0 တွင် မြန်မာအက္ခရာ ၂၂၃ (၁၆၀ + ၃၂ Extended A + ၃၁ Extended B) လုံးအဆင့်ဆင့် တိုးတက် ရရှိခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံအမျိုးသားစံချိန် စံညွှန်းကောင်စီမှ ISO/IEC 10646: 2017 သတင်းအချက် အလက်နည်းပညာ — နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ်ကို မြန်မာစံချိန်စံညွှန်း တစ်ခုအဖြစ် အဆင့်ဆင့် စနစ်တကျ ဆောင်ရွက်သတ်မှတ်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ၂၀၁၉၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ အစိုးရရုံးများတွင် ယူနီကုဒ်စံကို လိုက်နာ၍ တိုင်းရင်းသားစာများ ကိုပါ တွဲဖက်ရေးဖတ်နိုင်သော “ပြည်ထောင်စုဖောင့်” ကို တရားဝင်ရုံးသုံး ဖောင့်အဖြစ် စတင်ပြောင်းလဲအသုံးပြု နိုင်ခဲ့ကြပြီဖြစ်ပါသည်။ အများ ပြည်သူလည်း ယူနီကုဒ်စံနစ်သို့ ပြောင်းလဲအသုံးပြုရန် လိုအပ်ပါသည်။ ရေးသူဖတ်သူတစ်ပြိုင်နက်တည်း ပြောင်းမှသာ အောင်မြင်နိုင်သည့်အတွက် ၂၀၁၉၊ အောက်တိုဘာ ၁ ရက်ကို အများပြည်သူ ယူနီကုဒ်စံပြောင်း လဲသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။

အများယူဆသကဲ့သို့ ယူနီကုဒ်ဆိုသည်မှာ ဖောင့်နှင့် ကီးဘုတ်မဟုတ်ပါ။ ယူနီကုဒ်သည် ဖောင့်နှင့် ကီးဘုတ်ဆော့ဝဲရေးသားသူများ လိုက်နာရမည့် စံစနစ်တစ်ခု ဖြစ်ပါသည်။ မြန်မာစာဖောင့်များနှင့် ကီးဘုတ်များ ရေးသားရာတွင် ယူနီကုဒ်စံစနစ်သာမက မြန်မာစာစံရေးထုံးစံနှင့် ကိုက်ညီရန် လိုအပ်ပါသည်။ မြန်မာစာရေးသားရာတွင် ဗျည်း၊ ဗျည်းတွဲ၊ သရ ဟူ၍ရှိပါသည်။ ဗျည်းနှင့် ဗျည်းတွဲကို ထိဆက်အောင် ရေးသားရပြီး၊ ဗျည်း ဗျည်းတွဲကို သရနှင့် ထိဆက်အောင် မရေးသားရပါ။ ဥပမာ “ကျောင်း” ဟူသော စကားလုံးကို ရေးသားရာတွင် “က” (ကကြီး) နှင့် “ျ” (ယပင့်) ကို ထိဆက်အောင်‌ ရေးသားရပြီး “‌ေ” (သဝေထိုး)၊ “ာ”  (ရေးချ)၊ “င်” (ငသတ်) နှင့် “း”  (ဝစ္ဆန်ပေါက်) တို့ကို မထိဆက်အောင်‌ ရေးသားရပါသည်။ “ကြောင်း” ဟူသောစကားလုံးကို‌ ရေးသားရာတွင် “‌ေ” (သဝေထိုး) + “က” (ကကြီး) + “ြ” (ရရစ်) + “ာ” (ရေးချ) + “င်” (ငသတ်) + “း” (ဝစ္ဆန်ပေါက်) ဟူ၍ ရေးသားရမည်ဖြစ်ပါသည်။ “‌ေ” (သဝေထိုး) + “ြ” (ရရစ်) + “က” (ကကြီး) + “ာ” (ရေးချ) + “င်” (ငသတ်) + “း” (ဝစ္ဆန်ပေါက်) မဟုတ်ပါ။ မြန်မာစာ ကွန်ပျူတာစနစ်ကို တည်ဆောက်ရာတွင် မြန်မာစာ စံနှင့် ရေးထုံးမှန်ကန်မှသာ စစ် မှန်သော မြန်မာစာတည်တံ့ ခိုင်မြဲနိုင်မည်ဖြစ်ပါသည်။ မြန် မာစာနှင့်တန်းတူ တိုင်းရင်းသားစာများ ‌ရေရှည်တည်တံ့ ခိုင်မြဲစေရေးသည်လည်း မြန်မာနိုင်ငံသားများအားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။

မြန်မာယူနီကုဒ်စံကူးပြောင်းရေး အောင်မြင်စေရန် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါသည်။ အများပြည်သူ မြန်မာယူနီကုဒ်စံ ကူးပြောင်းရေးသည် အစိုးရရုံးများကူးပြောင်း ရေးထက်ပိုမို၍ အခက်အခဲများစွာကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ကွန်ပျူတာများ မိုဘိုင်းဖုန်းများ ဆာဗာများ အမျိုးအစားစုံ အချိန်မီပြောင်းလဲရန် လိုအပ်ပါသည်။ ဖုန်းအော်ပရေတာများ၊ စာနယ်ဇင်းနှင့် သတင်းမီဒီယာများ၊ ဘဏ်များ၊ NGO များ၊ အခြားအများပြည်သူနှင့်ဆိုင်သော အဖွဲ့အစည်းများ၊ ဆားဗစ်စင်တာများ၊ ဖုန်းအရောင်းဆိုင်များ၊ ကွန်ပျူတာနှင့် ဖုန်းထုတ်လုပ်သူများ၊ ကွန်ပျူတာအသင်းများ၊ အခြားလုပ်ငန်းရှင် အသင်းအဖွဲ့များ၊ နည်းပညာရှင်များ၊ အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာ ပြည်သူများ ပြောင်းလဲသုံးစွဲရာတွင် အဆင် ပြေနိုင်မည် ဖြစ်ပါသည်။ ပြည်သူအများစုသည် မိုဘိုင်းဖုန်းမျိုးစုံ မော်ဒယ်မျိုးစုံကို အသုံးပြုနေ ကြပါသည်။ စနစ်အသစ်များ စနစ်အဟောင်းများ အားလုံးပါဝင် ပါသည်။ နိုင်ငံခြားမှတိုက်ရိုက် ဝယ်ယူလာသော ဖုန်းများတွင် ယူနီကုဒ်စံစနစ်ကို အဆင်သင့် အသုံးပြု နိုင်သော်လည်း မြန်မာနိုင်ငံအတွင်း၌ ဝယ်ယူထားသော ဖုန်းများတွင်စံစနစ် မကိုက်ညီသောဖောင့်နှင့် ကီးဘုတ်များကို ထည့်သွင်းပြီး ဖြစ်သောကြောင့် မူလယူနီကုဒ်ဖောင့်နှင့် ကီးဘုတ်ကိုပြန်လည် ပြောင်းပေးရန် လိုအပ်ပါသည်။ ကွန်ပျူတာနှင့် ဖုန်းကျွမ်းကျင်သူများအတွက် အခက်အခဲမရှိနိုင်သော်လည်း မကျွမ်းကျင်သူများအနေဖြင့် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် သတင်းစာများ၊ တီဗွီချန်နယ်များ၊ လူမှုကွန်ရက်များ၊ အနုပညာရှင်များ၊ Social Influencers များ၊ Key Opinion Leader (KOL) များမှတစ်ဆင့် အရေးကြီးသော အချက်အလက်များ ပြည်သူများအားလုံးထံ ရောက်ရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ယူနီကုဒ်စံစနစ်သို့ တစ်နိုင်ငံလုံး ပြောင်းလဲသုံးစွဲကြမည်ကို ပြည်သူအားလုံး သိရန်လိုအပ်ပါသည်။ အခက်အခဲမျိုးစုံ တွေ့ကြုံလာနိုင်ဖြစ်သဖြင့် ကြိုတင်၍ စမ်းသပ်ပြောင်းလဲထားသင့်ကြောင်း ကြိုတင်အသိပညာ ပေးခြင်းများလိုအပ်ပါသည်။

အချုပ်အားဖြင့် တင်ပြရသော် ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင်းသားစာများ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အစိုးရနှင့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်များ တိုးတက်အောင်မြင်နိုင်ရန်နှင့် စတုတ္ထစက်မှုတော်လှန်ရေးတွင် နောက်ကျ မကျန်ရစ်စေရန်အတွက် အများပြည်သူအနေဖြင့် အဆင့်မြင့် နည်းပညာများကို မြန်မာစာနှင့် တိုင်းရင်းသားစာများဖြင့် အခြေခံ၍ အသုံးပြုနိုင်ရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးကြီးဆုံး အခြေခံလိုအပ်ချက် တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ယူနီကုဒ်စံ ကူးပြောင်းခြင်းဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားတိုး တက်အောင်မြင်မှုရရှိစေရန် အဓိကကျသော ခြေလှမ်းကို ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

“မြန်မာယူနီကုဒ် စံကူးပြောင်းရေးသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ပါသည်။ ပြိုင်တူရွှေ့မှ ရွေ့မည့် အ‌ရွေ့တစ်ခုလည်းဖြစ်ပါသည်”

ရည်ညွှန်း – (1) မြန်မာ့အလင်း
သတင်းစာ၏ စာမျက်နှာ (၁၀) ပါ ‌ဆောင်းပါး
ရည်ညွှန်း – (2) https://medium.com/@drtunthurathet/မြန်မာယူနီကုဒ်ကူးပြောင်း-ရေး-ce985639cc4d

-ဒေါက်တာထွန်းသူရသက်
ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်