နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍမူဝါဒဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့

အာဆီယံဒေသတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ အရည်အသွေးတိုးတက်လာစေဖို့နဲ့ အလုပ်အကိုင်နေရာအတွက် အာမခံ ရရှိရေးအတွက် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို WYNDHAM GRAND YANGON ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အာဆီယံမူဝါဒချမှတ်သူတွေနဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများဟာ ဒေသဆိုင်ရာ အရည်အသွေးမူဘောင်တွေ၊ လမ်းညွှန်ချက်တွေကို သတ်မှတ်နိုင်ဖို့နဲ့ အာဆီယံဒေသတွင်း အရည်အသွေးနဲ့ကျွမ်းကျင်မှုတွေ အပြန်အလှန်အသိအမှတ်ပြုနိုင်ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

“ပြည်တွင်းမှာ နည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးကဏ္ဍကို အရည်အသွေးတိုးတက်ပြီး အရေးပါလာဖို့ ဆောင်ရွက်နေပါတယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆ – ၂၀၂၁) မှာ အဓိက မဟာဗျူဟာတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်” လို့ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာဦးအေးမြင့်က ပြောကြားခဲ့ပါတယ်။

“၁၀ ကြိမ်မြောက် ဒေသဆိုင်ရာမူဝါဒဆွေးနွေးပွဲဟာ အာဆီယံဒေသတွင်းမူဝါဒချမှတ်သူတွေ၊ TVET ကဏ္ဍ ကျွမ်းကျင်သူတွေနဲ့ ပတ်သက် ဆက်နွယ်သူတွေအတွက် အရှေ့တောင်အာရှနဲ့တခြားပြင်ပနိုင်ငံတွေမှာ TVET ကဏ္ဍ အရည်အသွေးတိုးတက်ရေးနဲ့ အာမခံချက်ရရှိဖို့ အတွက် တစ်နိုင်ငံချင်းဖြစ်စေ၊ ဒေသဆိုင်ရာမှာဖြစ်စေ အစပျိုးဆောင်ရွက်နေတာကို အပြန်အလှန်ဆွေးနွေးနိုင်မှာပါ” လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ဖြစ်သူ Mr. Thomas Neisinger ကပြောကြားခဲ့ပါတယ်။

-အောင်သက်ကို