ဗီယက်နမ်နိုင်ငံတွင်ပြုလုပ်မည့် ASEAN Students Contest on Information Security 2019 (ASCIS 2019) ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအသင်းထွက်ခွာ

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် နိုဝင်ဘာ ၂၉ ရက်မှာ ကျင်းပပြုလုပ်မယ့် ASEAN Students Contest on Information Security 2019 (ASCIS 2019) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြုအသင်းဟာ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ထွက်ခွာသွားခဲ့ကြတယ်လို့ mmCERT ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ အဆိုပါ Cyber SEA Game 2019 ပြိုင်ပွဲကို အာဆီယံနိုင်ငံများမှ တက္ကသိုလ်လက်ရွေးစင်အသင်း (၁၀) သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲကို ၈ နာရီကြာ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲပုံစံမှာ Jeopardy CTF ပုံစံဖြစ်ပြီး ပြိုင်ပွဲဝင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း ဆိုက်ဘာလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ Binary Exploitation၊ Web Security, Reverse Engineering၊ Cryptography နဲ့ Forensics ကဏ္ဍများကို ဖြေဆိုရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းမှာ မောင်နိုင်လင်းထွန်း(ရန်ကုန်ကွန်ပျူတာတက္ကသိုလ်)၊ မောင်အောင်ခန့်မင်း (ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်)၊ မောင်သူရမိုးမြင့် (ကွန်ပျူတာတက္ကသိုလ်- ကျိုင်းတုံ)နဲ့ မောင်ဟိန်းသန့်ဇင် (ပြည်တက္ကသိုလ်) တို့ ပါဝင်ပါတယ်။

မြန်မာအသင်းအနေနဲ့ နိုဝင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ Cyber SEA Game ပြိုင်ပွဲမှာ အဆင့်(၅) ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ mmCERT