မိုဘိုင်းဖုန်းအလုံးရေ ၁၇၂ သန်းခန့် နှစ်စဉ်ထုတ်လုပ်နိုင်သည့် Samsung စက်ရုံကြီးဆီသို့

Samsung စက်ရုံကြီးဟာဆိုရင် တစ်နှစ်ကို မိုဘိုင်းဖုန်းမော်ဒယ် အမျိုးအစားပေါင်း အလုံးရေ ၁၇၂ သန်းလောက် ထုတ်လုပ်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာ မတည်ဆောက်နိုင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးထဲက တစ်ခုဖြစ်တဲ့ စက်ရုံကြီးဆိုလည်း မမှားနိုင်ပါဘူး။ ဒီစက်ရုံကြီးဟာ ဗီယက်နမ်နိုင်ငံHanoi မြို့ပြင်က Bac Ninh မှာ တည်ရှိတာဖြစ်ပါတယ်။

စက်ရုံကြီးကို မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေ၊ Samsung က တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ အင်တာနက်ဂျာနယ်က သွားရောက်လေ့လာခွင့်ရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာခဲ့ပြီး ၂ နာရီကြာ လေယာဉ်စီးပြီးတဲ့နောက်မှာတော့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဗီယက်နမ်စံတော်ချိန် ည ၉ နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၈ နာရီလောက်မှာ ဟိုတယ်ကနေ တစ်ဆင့် စက်ရုံဆီကိုထွက်လာခဲ့ပါတယ်။ စက်ရုံကHanoi မြို့ပြင်မှာ တည်ရှိနေတဲ့အတွက် အချိန်တစ်နာရီခွဲလောက် ကားထပ်စီးခဲ့ရပါတယ်။

စက်ရုံထဲဝင်လိုက်တာနဲ့ ဗီယက်နမ်ရှိ Samsung မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာကို လေ့လာဖို့ပြင်ဆင်ကြပါတယ်။ စက်ရုံဝင်ပေါက်မှာSamsung စက်ရုံကနေထုတ်လုပ်ထားတဲ့ ချပ်စ်၊ ဘုတ်ပြား၊ ကင်မရာတွေကို မှန်ဘောင်ထဲမှာ ခင်းကျင်းပြသထားပါတယ်။ အဲ့ဒီနောက် တက်ဘလက်နဲ့ ဖုန်းမှာတပ်ဆင်နိုင်တဲ့ ဘုတ်ပြားတွေထုတ်လုပ်တဲ့ နေရာကို အရင်လေ့လာခဲ့ကြပါတယ်။ တစ်နေရာနဲ့တစ်နေရာ ကို ပစ္စည်းတွေပို့ဖို့အတွက် လူမောင်းနှင်စရာမလိုတဲ့ အသေးစားသယ်ယူပို့ဆောင်ပေးထားတဲ့စက်တွေကို စက်ရုံရဲ့အလွှာတိုင်းမှာ တပ်ဆင်ထားတာတွေ့ရပါတယ်။

ဘုတ်ပြားတွေတပ်ဆင်ထားတဲ့နေရာ လေ့လာပြီးတဲ့နောက်မှာတော့ ဖုန်းတပ်ဆင်ထုတ်လုပ်တဲ့အလွှာကို ဆက်လက်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီနေရာက ကမ္ဘာအနှံ့တင်ပို့ရောင်းချနေတဲ့ ဖုန်းအမျိုးအစားတွေကို ထုတ်လုပ်တဲ့နေရာဖြစ်ပါတယ်။ S10, S10 Plus, Note Series နဲ့ အခြားမတူညီတဲ့ မိုဘိုင်းဖုန်းမော်ဒယ်လ်တွေကို မြောက်မြားစွာသော စက်ရုံလုပ်သားတွေက တပ်ဆင်စမ်းသပ်ပါတယ်။ OS မထည့်သွင်းရသေးတဲ့ ဖုန်းအခွံသာသာရှိသေးတဲ့ ဖုန်းမော်ဒယ်လ်တွေကိုသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီ၊ မညီ စမ်းသပ်နေကြတာဖြစ်ပါတယ်။ စံနဲ့မကိုက်ညီတဲ့စက်တွေကို ဖယ်ရှားပစ်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ မိုဘိုင်းဖုန်းမှာထည့်သွင်းရတဲ့ အလူမီနီယံ သတ္ထုဖြတ်တောက်ပုံ အဆင့်ဆင့် လုပ်ဆောင်တဲ့ စက်တွေဆီကို ဆက်လက်လေ့လာခဲ့ပါတယ်။ စမတ်ဖုန်းနဲ့ကိုက်ညီမယ့်ပုံစံ ရလာဖို့အတွက် စက်ကြီးတွေနဲ့ အဆင့်ဆင့် ၁၂ ရက်ကြာအောင် ဖြတ်တောက်ရပြီး နောက်ဆုံးအဆင့်မှာတော့ ဘုတ်ပြား၊ ကင်မရာ၊ ချစ်ဖ် စတာတွေကို ထည့်သွင်းနိုင်တာဖြစ်ပါတယ်။ အလူမီနီယံသတ္တု ဖြတ်တောက်တဲ့ စက်ရုံအလွှာထဲ ရောက်ပြီးတဲ့နောက်မှာ မိုဘိုင်းဖုန်းတွေကို နောက်ဆုံးပိတ်စမ်းသပ်ပြီး ပါကင်ထုပ်ပိုးတဲ့နေရာကို သွားရောက်လေ့လာခဲ့ပါတယ်။ Samsung ရဲ့အမြင့်စီးရီးမော်ဒယ်လ်တွေဖြစ်တဲ့ S Series နဲ့ Note Series တွေကို အသေးစိတ် သေချာစစ်ဆေးရတဲ့ အခန်းကို ကျွန်တော်တို့ မလှမ်းမကမ်းကနေ လေ့လာခွင့်ရခဲ့ပါတယ်။

တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရကတော့ ၎င်းတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း အနည်းငယ် လွဲနေခဲ့ရင်တောင် သုံးစွဲသူလက်ထဲ ထည့်ပေးမှာ မဟုတ်ဘဲ ဖယ်ရှားပစ်တယ်လို့ သိရပါတယ်။ စက်ရုံထဲက မိုဘိုင်းစက်ပစ္စည်းတွေထုတ်လုပ်ပေးတဲ့ စက်တွေကို ၂၄ နာရီမှာ နာရီဝက်ခန့်သာအနားပေးပြီး စက်တွေလည်ပတ်နိုင်စေဖို့အတွက် လျှပ်စစ်မီး ၂၄ နာရီ အသုံးပြုထားတယ်လို့ သိရပါတယ်။ ထွက်ရှိလာတဲ့မိုဘိုင်းဖုန်းမော်ဒယ်အသစ်တွေအတွက် စက်ရုံဝန်ထမ်းတွေကို သေချာလေ့လာစေသလို ဝန်ထမ်းတွေကိုလည်း အသိပညာပိုင်းဆိုင်းရာတွေကို ပြန်လည်ပို့ချပေးလျက်ရှိတယ်Samsung မှ တာဝန်ရှိသူက ပြောပါတယ်။ ဝန်ထမ်းတစ်ဦးလျှင် ပျှမ်းမျှအမေရိကန်ဒေါ်လာ ၃၀၀ ခန့်ရရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်ရုံဟာ ၁၀၀၀ ဟက်တာခန့်ကျယ်ဝန်းပြီး ဝန်ထမ်းပေါင်း ၁၂၈,၀၀၀ ခန့် အလုပ်ခန့်ထားတယ်လို့ သိရပါတယ်။ စက်ရုံဝန်းအတွင်း ဝန်ထမ်းတွေနေထိုင်ဖို့အတွက် နေရာပြုလုပ်ပေးထားသလို တချို့ဝန်ထမ်းတွေကတော့ ပေးထားတဲ့နေရာမှာ နေထိုင်ခြင်းမရှိဘဲ သူတို့ရဲ့ကိုယ်ပိုင်အိမ်တွေကို ပြန်ကြပါတယ်။

ဗီယက်နမ်ရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေထူထပ်မှု နံပါတ်အဆင့် (၁၄) မှာရှိပြီးတော့ လူဦးရေ ၉၇.၂ သန်းခန့် ရှိပါတယ်။ လူဦးရေ ၉၇ သန်းကျော်ရှိတဲ့ ဗီယက်နမ်မှာ သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားဖြင့် မော်တော်ကားထက် ဆိုင်ကယ်ကို ပိုမို အသုံးပြုကြပါတယ်။ ဗီယက်နမ်အစိုးရကလည်း ဆိုင်ကယ်စီးနင်းတာကို ခွင့်ပြုထားပြီး အများပြည်သူသွားလာရေး ပိုမိုလွယ်ကူစေဖို့ ခွင့်ပြုထားတယ်လို့ဆိုပါတယ်။ ဒီခရီးစဉ်မှာ ကျွန်တော့်အနေနဲ့Samsung မိုဘိုင်းဖုန်းတွေရဲ့ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လေ့လာခွင့်ရခဲ့တဲ့အပြင် ဗီယက်နမ်နိုင်ငံရဲ့ ယဉ်ကျေးမှု လူနေမှုစရိုက်တွေကိုပါ လေ့လာခွင့်ရရှိခဲ့ပါတယ်။

-အောင်သက်ကို