သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားနေတဲ့ နာရေးလုပ်ငန်း နည်းပညာကုမ္ပဏီများ

ပြီးခဲ့တဲ့နှစ်က Beverly Hills 90210 တီဗီစီးရီးက ကျော်ကြားထင်ရှားသူ လုခ်ပယ်ရီ သေဆုံးခဲ့တယ်။ သူ့ခန္ဓာကိုယ်ကို အဖြူ၊ အမည်းဝတ်စုံနဲ့ပတ်ပြီး မြေမြှုပ်ခဲ့ပါတယ်။ အဲဒီအဝတ်စကို မှိုတွေနဲ့ အခြားအသက်ဇီဝတွေနဲ့ဖန်တီးခဲ့ပြီး ကွယ်လွန်သူက မြေဩဇာအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်။

အဲဒီအဝတ်စ တန်ကြေးက ဒေါ်လာ ၁,၅၀၀ ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး နာရေးနည်းပညာကုမ္ပဏီ Coeio ကဖန်တီးပေးခဲ့တယ်။ Coeio ဟာသေဆုံးသွားသူတွေရဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချပြီး လူသေခန္ဓာကိုယ် အဆိပ်ကို မှိုတွေဆီစီးဝင်ပြီး ပတ်ဝန်းကျင်ကို စိမ့်ဝင်စေအောင် သန့်စင်ပေးမှာ ဖြစ်ပါတယ်။ “ဒီနည်းလမ်းကို ကျွန်မ အဖေက ရှာဖွေတွေ့ခဲ့ပါတယ်။ ဒီကိစ္စကြောင့် သူစိတ်လှုပ်ရှားနေတာ တွေ့ရပါတယ်။ နောက်ဆုံးဆန္ဒအနေနဲ့ အဲဒီဝတ်စုံနဲ့ သူ့ကို မြှုပ်နှံပေးခဲ့တယ်” လို့ ပယ်ရီရဲ့သမီးဖြစ်သူက Instagram မှာရှင်းပြခဲ့ပါတယ်။

MIT ကနေ ဘွဲ့ရရှိခဲ့တဲ့ ဂျေရီလီက Coeio ကိုတည်ထောင်ခဲ့ပါတယ်။ Coeio လိုမျိုး နာရေးလုပ်ငန်း နည်းပညာကုမ္ပဏီတွေက ယူကေရဲ့ တစ်နှစ်ပေါင် ၂ ဘီလျံရှိတဲ့ သမားရိုးကျ ဈာပနလုပ်ငန်းဈေးကွက်ကို ရယူဖို့ ကြိုးစားနေပါတယ်။ ယေဘုယျအနေနဲ့ ဈာပနတွေက မြေမြှုပ်သင်္ဂြိုဟ်တာ ဒါမှမဟုတ် မီးသင်္ဂြိုဟ်မှုအပေါ်မှာပဲ အမှီပြုနေပါတယ်။ အခုဆိုရင် ရွေးချယ်မှုအသစ်တွေ ထွက်ပေါ်လာပြီး သေဆုံးသူရဲ့ပြာကို လှပတဲ့စိန်၊ ဗိုင်နယ်လ်ဓာတ်ပြားအဖြစ် အသွင်ပြောင်းနိုင်သလို အတိတ်ကို ပြန်လည်လွမ်းဆွတ်တဲ့ ဗီဒီယိုတွေ ပြသပေးမယ့် ဒီဂျစ်တယ်အုတ်ဂူအဖြစ်လည်း ဖန်တီးနိုင်ပါတယ်။

သမားရိုးကျ အခေါင်းထဲထည့်သွင်း မြေမြှုပ်သင်္ဂြိုဟ်မှုထက် မှိုနဲ့ပြုလုပ်ထားတဲ့ အဝတ်နဲ့ပတ်ပြီး သင်္ဂြိုဟ်တာက ငွေကုန်ကြေးကျ သက်သာစေတယ်။ ယခုတစ်ပတ်အတွင်း ထွက်ပေါ်လာတဲ့ အချက်အလက်သစ်တွေအရ ယူကေမှာ အသုဘစရိတ်နဲ့ သေတမ်းစာ အတည်ပြုမှုအပြီး သေဆုံးသူအတွက် ပျှမ်းမျှကျသင့်ငွေက ၂၀၁၉ခု နှစ်အတွင်း ဒေါ်လာ ၁၂,၃၀၀ အထိကျသင့်ပါတယ်။ ၂၀၁၄ ခုနှစ်ကထက် ၇၀ ရာခိုင်နှုန်းတိုးတက်လာတာ ဖြစ်ပါတယ်။ အသုဘစရိတ်ရဲ့ ပျှမ်းမျှကုန်ကျစရိတ်ကတော့ ဒေါ်လာ ၅,၇၀၀ ရှိပါတယ်။ ကုန်ကျစရိတ်မြှင့်တက်လာမှုက ဝင်ငွေနည်းပါးတဲ့ မိသားစုဝင်တွေအတွက် ဝန်ပိစေတယ်။ ဘတ်တက္ကသိုလ်ရဲ့ ၂၀၁၄ ခုနှစ် ဖော်ပြချက်အရ လူပေါင်း ၁၀၀,၀၀၀ လောက်ဟာ သေစရိတ်ကို မပေးချေနိုင်ပါဘူး။

နည်းပညာကုမ္ပဏီတွေ ဈေးကွက်ကို ခေတ်ဟောင်း ဈာပနဒါရိုက်တာတွေက လွှမ်းမိုးထားတယ်လို့ ညည်းညူကြတယ်။ သူတို့တွေက ဈေးနှုန်းကို ၃၀၀နဲ့ ၆၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ဈေးနှုန်းနှိုင်းယှဉ်ပြသတဲ့ ဝက်ဘ်ဆိုက်အထိ ငွေကြေးရင်းနှီးထားပါတယ်။ အဲဒီဝက်ဘ်ဆိုက်က အွန်လိုင်းမှာ အခေါင်း ဝယ်ယူတာ ဒါမှမဟုတ် ဈာပနဝန်ဆောင်မှုအတွက် ကြိုတင်နေရာယူတာ ဒေါ်လာ ၁,၀၀၀ အထိ သက်သာနိုင်တယ်လို့ ကြော်ငြာနေပါတယ်။ တစ်ချို့လုပ်ငန်းတွေကို Zoopla တည်ထောင်သူ အဲလက်စ်ချက်စတာမန်းနဲ့ GoCompare တည်ထောင်သူ ဟေလေပါဆင်နဲ့ ကယ်ဗင်ဟုချ့်တို့က ထောက်ပံ့ထားပါတယ်။

“ဈာပနဒါရိုက်တာတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေး မြေမြှုပ်သင်္ဂြိုဟ်မှုက စရိတ်သုံးပုံနှစ်ပုံ သက်သာတဲ့အကြောင်း မပြောပါဘူး။ ဈေးကြီးတဲ့ အခေါင်းကြေး လက်ကိုင်တွေအတွက် ငွေပိုပေးရပြီး သတ္တုအဟောင်းဈေးနဲ့ ရောင်းခံရပါမယ်။ ပျှမ်းမျှမိသားစုတွေဟာ အသုဘစရိတ်ကြောင့် ပေါင် ၁,၆၀၀ အကြွေးတင်ခဲ့ပြီး ကုန်ကျစရိတ်ကို ကာမိစေဖို့ လစာထုတ်ချေးငွေယူခဲ့ရတယ်” လို့ စရိတ်နည်း ဈာပနကုမ္ပဏီ Willow တည်ထောင်သူ ဒယ်ရစ်ဂရန့်က ပြောခဲ့ပါတယ်။

အသုဘစီစဉ်ရသူတွေက အချိန်တိုအတွင်း ဆုံးဖြတ်ချက်ချရပြီး အကူအညီမဲ့နေတယ်လို့ ဒယ်ရစ်ဂရန့်ကပြောခဲ့ပါတယ်။ လူအများစုက ငွေကုန်ကြေးကျများတဲ့ ပုံမှန်အခေါင်းနဲ့ ဝန်ဆောင်မှုကိုပဲ ရရှိကြပါတယ်။

အခုကိစ္စမှာ ငွေကြေးတစ်ခုကပဲ သီးသန့်ပြဿနာမဟုတ်ပါဘူး။ မြေမြှုပ်သင်္ဂြိုဟ်မှုနဲ့ မီးသင်္ဂြိုဟ်မှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ မြေထုနဲ့ လေထုထဲ ဓာတုအဆိပ်များစွာ ဝင်ရောက်စေပါတယ်။ နှစ်စဉ် မီးသင်္ဂြိုဟ်မှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ၂၄၆,၂၄၀ တန် ထွက်ရှိပြီး ကားပေါင်း ၄၁,၀၄၀ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏနဲ့ ညီမျှတယ်လို့ Funeral Consumers Alliance ကထုတ်ပြန်ထားပါတယ်။

ဈေးကြီးတဲ့ သစ်သားအခေါင်းဝယ်ယူ ထည့်သွင်း မြေမြှုပ်သင်္ဂြိုဟ်ပြီး နှစ်ပေါင်း ၅၀အကြာမှ ခန္ဓာကိုယ်က ပုပ်သိုးဆွေးမြည့်ပါတယ်။ ၉၅ ဒေါ်လာနဲ့ ကတ်ထူပြားဝယ်ယူမယ်ဆိုရင်တော့ ကာဗွန်ထုတ်လွှတ်မှု ၅၀ရာခိုင်နှုန်းအထိ လျှော့ချပေးပါတယ်။

တခြားမြေမြှုပ်သင်္ဂြိုဟ်မှုတွေကတော့ အမေရိကန် startup ကုမ္ပဏီ Recompose ကတော့ ဆဋ္ဌဂံပုံစံပုံးထုတ်လုပ်ပြီး ထည့်သွင်းလိုက်တဲ့ လူ့ခန္ဓာကိုယ်ကို မြေဩဇာအဖြစ် အသွင်ပြောင်းကာ ၂၀၂၁ ခုနှစ်ကျရင် မိသားစုဝင်တွေကို အိမ်ကို ပြန်သယ်သွားနိုင်ပါတယ်။ Eterna Reefs ကတော့ ပင်လယ်ကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေဖို့ အရိုးပြာတွေကို ဆွေးမြေ့စေမယ့် “reef ball” ထဲထည့်သွင်းပြီး သမုဒ္ဒရာအနက်ကြီးထဲ စွန့်ပစ်ပေးပါတယ်။

စိုးထက်

Ref: Wired