အမေရိကန်တက္ကသိုလ်များတွင် လင်းကွန်ပညာသင်ဆုဖြင့် မဟာဘွဲ့များရယူနိုင်မည်

မြန်မာနိုင်ငံမှ လူငယ် ခေါင်းဆောင် ၁၀၀ နီးပါးကို Lincoln Scholarship ဖြင့် အမေရိကန်တက္ကသိုလ်တွေမှာ အရည်အသွေးမြင့် မဟာဘွဲ့များ ရယူနိုင်မယ်လို့ အမေရိကန်သံအမတ် Mr.Scot Marciel က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ အောင်မြင်တာကို မြင်လိုပါတယ်။ အဲ့ဒါကြောင့် လူငယ်ခေါင်းဆောင်တွေကို Lincoln Scholarship အစီအစဥ် သစ်နဲ့ ပံ့ပိုးပေးနေခြင်းဖြစ်ပါတယ်။ ဒီပညာသင်ဆုက ထူးချွန်ထက်မြက်တဲ့ လူငယ်ပညာရှင်တွေကို မြန်မာ့အနာဂတ်ကို ပုံဖော်ရန် အခွင့်အလမ်းနဲ့ နည်းပညာအတတ်ပညာတွေပေးအပ်သွားမှာဖြစ်ပါတယ် “ လို့ Mr.Scot Marciel ကပြောကြားခဲ့ပါတယ်။

အဆိုပါ ပညာသင်ဆုကို ၂၀၂၀ ပညာသင်နှစ် အတွက် ပထမအသုတ်အနေနဲ့ အယောက် ၂၀ ရွေးချယ် ပေးအပ်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် မှစတင်ကာလက်ခံပေးသွားမယ်လို့ သိရပါတယ်။ ပညာသင်ဆုကို ပေးအပ်ရခြင်းမှာ မြန်မာ့ အနာဂတ်ခေါင်းဆောင်လောင်းတွေကို အစားအသောက်နှင့် အာဟာရ သိပ္ပံ၊ သဘာဝ သယံဇာတရင်းမြစ် စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှု၊ စီးပွားရေး၊ ဘောဂဗေဒ နှင့် ဘဏ္ဍာရေး စတဲ့ နယ်ပယ်တွေမှာ ဘွဲ့ဒီဂရီတွေရရှိစေခြင်းဖြင့် မြန်မာနိုင်ငံဟာ ၎င်းရဲ့ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်း တွေမှာ ၂၁ ရာစုရဲ့ပိုမိုရှုပ်ထွေးလာတဲ့ အခြေအနေတွေအကြားမှာ ဦးဆောင်ဖြေရှင်းမယ့်လူငယ်ခေါင်းဆောင်တွေ နည်းပညာ စွမ်းရည် ပြည့်ဝနေစေရန် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က ၂၀၂၄ ခုနှစ် အထိ လင်ကွန်းပညာသင်ဆုကို ပေးအပ်ရန် Institute of International Education (IIE) နဲ့ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

-သန္တာ