၂၀၁၉ ခုနှစ်အတွက် Apple ရဲ့အကောင်းဆုံး app များ

Apple ဟာ ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး app နဲ့ဂိမ်းတွေကို မိတ်ဆက်လိုက်ပါတယ်။ အရင်နှစ်နဲ့မတူဘဲ ဒီနှစ်မှာထူးခြားတာက Apple ဟာ app ဖန်တီးသူတွေ၊ ကုမ္ပဏီ အမှုဆောင်တွေနဲ့ မီဒီယာ စုစည်းပြီး နယူးယောက်စီးတီးမှာ ပွဲအသေးလေး ပြုလုပ်ခဲ့သလို ဆုရရှိသူတွေရဲ့ အမည်ပါဝင်တဲ့ ကတ်ကိုလည်း ဝေငှခဲ့ပါတယ်။

အရင်နှစ်တုန်းက Apple ရဲ့ အကောင်းဆုံးဆုထဲမှာ app တွေကနေ ဂီတ၊ စာအုပ်နဲ့ podcast တွေအထိ ပါဝင်လာပါတယ်။ ဒီနှစ်မှာ ရေပန်းစားတဲ့ အရာတွေကို ဖော်ပြခဲ့ပြီး app ကိုတည်ဆောက်တဲ့ developer တွေရဲ့ စွမ်းဆောင်ရည်ကို အသားပေးတဲ့ ပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Apple အနေနဲ့ App Store အတွင်းက editorial အဖွဲ့က ဒီနှစ်တစ်လျှောက်လုံး app တွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသပေးပြီး သုံးသပ်ခဲ့ပါတယ်။ အဖွဲ့က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနဲ့ ၂၀၁၉ အောက်တိုဘာလ အကြားက app နဲ့ဂိမ်းအသစ် ဒါမှမဟုတ် အဆင့်မြှင့်တင်ထားတဲ့ အရာတွေကို ရွေးချယ်ခဲ့ပါတယ်။ သူတို့က app ဒါမှမဟုတ် ဂိမ်းရဲ့ သုံးစွဲသူအတွေ့အကြုံ၊ ဒီဇိုင်းပိုင်း၊ ဇာတ်လမ်းနဲ့ ဖန်တီးမှုလိုမျိုး နယ်ပယ်တွေကို သုံးသပ်ခဲ့ပါတယ်။ လူများအကြား ရေပန်းစားမှုကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပေမယ့် ရွေးချယ်ထားတဲ့ app က download အများဆုံး မဟုတ်သလို ငွေကြေးများစွာ ရရှိခဲ့တဲ့ app တွေလည်း မဟုတ်ပါဘူး။

ဒီနှစ်မှာတော့ App Store က အယ်ဒီတာ ၁၃၀ ပါဝင်တဲ့ အဖွဲ့က ကမ္ဘာတစ်ဝန်းက app တွေကို ရွေးချယ်ခဲ့ပြီး ဘယ် app က အကောင်းဆုံးလဲဆိုတာ ဆွေးနွေး၊ မဲပေးခဲ့ကြပါတယ်။ အယ်ဒီတာတွေ တင်ပြတဲ့ စာရင်းကို Apple ရဲ့ကမ္ဘာတစ်ဝန်းက ဈေးကွက်ရှာဖွေရေး အကြီးတန်းဒုက္ကဋ္ဌ ဖီးလ်ရှယ်လာက နောက်ဆုံး ထောက်ခံချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆုရရှိသူတွေရဲ့အမည်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး iPhone app

Spectre Camera

ဈေးနှုန်း- ၁.၉၉ဒေါ်လာ

Halide အမည် နာမည်ကျော် ကင်မရာ app ကိုထုတ်လုပ်ခဲ့တဲ့ အဖွဲ့ကပဲ Spectre ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Spectre နဲ့ကင်မရာ ကိရိယာတွေ မလိုအပ်ဘဲ long exposure ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ ယာဉ်ကြောထဲမှာ သွားလာတဲ့ကားတွေရဲ့ မီးရောင်၊ ဝေဝါးသွားတဲ့ ဓာတ်ပုံတွေအပြင် ရွေ့လျားနေတဲ့ ရေတံခွန်ကိုလည်း ရိုက်ကူးနိုင်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး iPhone ဂိမ်း

Sky: Children of the Light

ဈေးနှုန်း- အခမဲ့ (season pass အတွက် ဒေါ်လာ ၁၄.၉၉ အထိ in-app purchase တွေပါဝင်)

၂၀၁၃ ခုနှစ်အတွင်း တစ်နှစ်တာ အကောင်းဆုံးဂိမ်း ဆုရခဲ့တဲ့ Journey ဂိမ်းတည်ဆောက်တဲ့အဖွဲ့က Sky: Children of the Light ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ ကစားသူက လျှို့ဝှက်ချက်ကို ဖြေရှင်းဖို့ အိပ်မက်ကမ္ဘာထဲ ပျံသန်းရမှာဖြစ်ပြီး စွန့်စားခန်းအတွင်း ကမ္ဘာတစ်ဝန်းက တခြား ကစားသူတွေနဲ့ ဆက်ဆံရမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ရုပ်ထွက်ပိုင်းကလည်း အလွန်ကောင်းမွန်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး Apple Arcade ဂိမ်း

Sayonara Wild Hearts

ဈေးနှုန်း- တစ်လ ဒေါ်လာ ၄.၉၉ ကျသင့်မယ့် Apple Arcade မှာ လစဉ်ကြေးပေးသွင်း ကစားနိုင်

Sayonara Wild Heats ဂိမ်းမှာ စကြဝဠာရဲ့ သဟဇာတဖြစ်မှုကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ဂိမ်းမှာ ပေါ့ပ်ဂီတကောင်းများစွာ ပါဝင်ပြီး မော်တော်ဆိုင်ကယ်နဲ့ စကိတ်ဘုတ် အပါအဝင် ယာဉ်များစွာ ပါဝင်လာပါတယ်။ Xbox ဒါမှမဟုတ် PlayStation ကဂိမ်းခလုတ်တွေနဲ့ တွဲဖက်ကစားနိုင်ပါတယ်။ ဂိမ်းထုတ်လုပ်သူအနေနဲ့ iPad, Mac, Apple TV နဲ့ iPhone ကနေ ပရိသတ်များစွာ ရလိုတဲ့အတွက် Apple Arcade မှာ ဂိမ်းကို ထည့်သွင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံး iPad ဂိမ်း

Hyper Light Drifter

ဈေးနှုန်း- ဒေါ်လာ ၄.၉၉

Hyper Light Drifter ဟာ pixel-art စတိုင်ဂိမ်းဖြစ်ပါတယ်။ အခြားဂိမ်း platform မှာ ဖြန့်ချိအပြီးမှာ ထူးခြားတဲ့လက်ရာတစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်။ တိုက်ခိုက်ရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး အသံပိုင်းနဲ့ ရုပ်ထွက်ပိုင်းအတွက် ဆုရရှိခဲ့ပါတယ်။ အခုဂိမ်းကို iPad Pro မှာကစားရင် အကောင်းဆုံး ရုပ်ထွက်ရရှိမယ်လို့ ဂိမ်းဖန်တီးတဲ့ Ayblight Studios ရဲ့အမှုဆောင်အရာရှိချုပ် အီဗာဂတ်စပါက ပြောခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံး iPad app

Flow by Moleskine

ဈေးနှုန်း- ၇ ရက် အခမဲ့ အသုံးပြုနိုင်ပြီး တစ်လ ၁.၉၉ ဒေါ်လာ၊ တစ်နှစ် ၁၁.၉၉ ဒေါ်လာ ကျသင့်

Flow မှာ ရေးသားမှုအမျိုးမျိုးအတွက် tool တွေများစွာပါဝင်ပြီး airbrush ကနေ marker နဲ့ ဖောင်တိန်ဘောလ်ပင်လိုမျိုး tool တွေပါဝင်လာပါတယ်။ နာမည်ကျော် notbook တွေလိုမျိုး လိုင်းဆွဲထားတဲ့ စာမျက်နှာ၊ စာမျက်နှာလွတ်နဲ့ grid တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး Mac ဂိမ်း

GRIS

ဈေးနှုန်း- ဒေါ်လာ ၉.၉၉

အခုဂိမ်းမှာ ကစားသူက ဇာတ်ကောင်ကို ထူးခြားတဲ့ရောင်စုံကမ္ဘာမှာ ရွေ့လျားသွားစေပြီး puzzle တွေဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ အဓိကဇာတ်ကောင် Gris ဟာ ရှေ့ဆီ ဆက်လက်သွားလာမယ်ဆိုရင် အခက်အခဲတွေကျော်လွန်ဖို့ ability အသစ်တွေရရှိမှာ ဖြစ်ပါတယ်။ ဂိမ်းမှာပါဝင်တဲ့ soundtrack တွေကလည်း အလွန်ကောင်းမွန်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး Mac app

Affinity Publisher

ဈေးနှုန်း- ဒေါ်လာ ၃၄.၉၉

Affinity Publisher ဟာ စာအုပ်တွေ၊ လက်ကမ်းစာစောင်၊ မဂ္ဂဇင်းတွေ၊ ပိုစတာတွေ ဖန်တီးဖို့ ကူညီပေးနိုင်မယ့် ဒီဇိုင်း tool တစ်ခုဖြစ်ပါတယ်။ အဲဒီ app မှာ အထောက်အကူ ဖြစ်စေမယ့် စာမျက်နှာဖွဲ့စည်းမှု လမ်းညွှန်၊ စာသားအပြင်ဆင်၊ ဓာတ်ပုံတွေလည်း ပါဝင်လာပါတယ်။ ဒီဇိုင်းလုပ်ငန်း မသိသူတွေနဲ့ နားလည်သူတွေ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းစရာမလိုဘဲ ပရော်ဖက်ရှင်နယ် စာအုပ်ထုတ်ဝေရေးကို လုပ်ကိုင်နိုင်ပါတယ်။

​တစ်နှစ်တာအကောင်းဆုံး Apple TV ဂိမ်း

Wonder Boy: The Dragon’s Trap

ဈေးနှုန်း- ဒေါ်လာ ၃.၉၉

Apple TV အတွက် ဂိမ်း platform ဟာ ကလေးတွေနှစ်သက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အခုဂိမ်းဟာ လက်နဲ့ရေးဆွဲထားတဲ့ ပုံရိပ်တွေနဲ့ သံစုံတီးဝိုင်းနဲ့ ပြန်လည် တီးခတ်ထားတဲ့ soundtack နဲ့ ၈၀ ခုနှစ်က ဂိမ်းတွေအတိုင်း ဖန်တီးထားတယ်လို့ Apple ကမှတ်ချက်ပြုခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံး Apple TV app

The Explorers

ဈေးနှုန်း- အခမဲ့ဖြစ်ပြီး in-app purchase ပါဝင်

အခု app မှာ ကမ္ဘာတစ်ဝန်းက ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေ၊ သိပ္ပံပညာရှင်တွေ၊ ပန်းချီဆရာတွေနဲ့ စူးစမ်းရှာဖွေရေး အသိုက်အဝန်းက ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို စုစည်းပေးထားပါတယ်။ သုံးစွဲသူက Apple TV (ဒါမှမဟုတ် iPhone နဲ့ iPad) ပေါ်က content တွေထဲ ဝင်ရောက်မွှေနှောက်ပြီး app ကနေ စူးစမ်းရှာဖွေသူတွေနဲ့ အခြားအဖွဲ့တွေနဲ့ စကားပြောဆိုနိုင်ပါတယ်။ တကယ်လို့ ဒေါ်လာ ၂.၉၉ ပေးဆောင်မယ်ဆိုရင် 4K နဲ့ 8K HDR အကြောင်းအရာတွေ သီးသန့် ကြည့်ရှုနိုင်ပါမယ်။

-စိုးထက်
Ref: CNBC