(၂) နှစ်အတွင်း ဖုန်းတင်ပို့ရောင်းချမှု မြင့်တက်လာတဲ့ Samsung နဲ့ Huawei

၂၀၁၇ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဈေးကွက် စတင်ကျဆင်းခဲ့ပြီး ဆက်လက်တိုးတက်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာက အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဈေးကွက်ဟာ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွင်း ၁ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ (၂) နှစ်ဆက်တိုက် စမတ်ဖုန်းဈေးကွက် ကျဆင်းပြီးနောက် တိုးတက်မှုရှိလာတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဈေးကွက်ကို Samsung နဲ့ Huawei တို့ကဦးဆောင်ထားပါတယ်။ Samsung နဲ့ Huawei တို့ရဲ့ စမတ်ဖုန်းရောင်းချမှုက ၂၀၁၈ ခုနှစ် တတိယသုံးလပတ်ကနေ ဂဏန်း ၂ လုံးအထိ တိုးတက်လာပါတယ်။ ထိပ်တန်း စမတ်ဖုန်းတင်ပို့ရောင်းချမှု အများဆုံး ကုမ္ပဏီ ၅ ခုထဲမှာ Apple နဲ့ Xiaomi အပြင် Oppo တို့လည်း ပါဝင်လာပါတယ်။ Apple နဲ့ Xiaomi တို့က ဂဏန်းတစ်လုံးအထိ ကျဆင်းသွားပေမယ့် Oppo ကတော့ စမတ်ဖုန်းရောင်းချမှု အနည်းငယ် တိုးတက်လာပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့နှစ် တတိယသုံးလပတ်ကထက် စမတ်ဖုန်းတင်ပို့ရောင်းချမှု ၁၁ ရာခိုင်နှုန်း တိုးတက်လာပြီး ဒီနှစ် တတိယသုံးလပတ်မှာတော့ စမတ်ဖုန်း ၇၈.၉ သန်း တင်ပို့ထားပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်က ၂၀.၄ ရာခိုင်နှုန်းကတေ ၂၂.၄ ရာခိုင်နှုန်းအထိ ရရှိထားပါတယ်။ Samsung အနေနဲ့ အလယ်အလတ် စမတ်ဖုန်းကောင်းတွေ ထုတ်လုပ်ရောင်းချခဲ့ပြီး တန်ဖိုးကြီး စမတ်ဖုန်းအရေအတွက်များစွာ ထုတ်လုပ်ခဲ့တဲ့အတွက် စမတ်ဖုန်းရောင်းချမှု တိုးတက်လာတာ ဖြစ်ပါတယ်။

Huawei အနေနဲ့ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွင်း ထုတ်ကုန်ပေါင်း ၆၆.၈ သန်း တင်ပို့ရောင်းချခဲ့ရပြီး ၂၉ ရာခိုင်နှုန်း အထိ တိုးတက်လာပါတယ်။ Apple ရဲ့ဈေးကွက်ကတော့ ၂၀၁၈ ခုနှစ် တတိယ သုံးလပတ်အတွင်း ၁၃.၄ ရာခိုင်နှုန်း ရှိရာကနေ ဒီနှစ်မှာတော့ ၁၂.၃ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ Apple အနေနဲ့ ဒီနှစ် တတိယသုံး လပတ်အတွင်း ထုတ်ကုန်ပေါင်း ၄၃.၅ သန်းပဲရောင်းချထားပြီး ၂၀၁၈ ခုနှစ် တတိယသုံးလပတ်မှာတော့ ထုတ်ကုန်ပေါင်း ၄၆.၉ သန်း ရောင်းချခဲ့ရပါတယ်။

Xiaomi နဲ့ Oppo တို့ကတော့ အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်ခဲ့ပါတယ်။ Xiaomi ရဲ့ဈေးကွက်ရှယ်ယာက ၉.၂ ရာခိုင်နှုန်းပဲရှိပြီး မနှစ်ကတော့ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ Oppo ကတော့ ဈေးကွက်ဝေစု ၉.၁ ရာခိုင်နှုန်း အထိ ရှိလာပြီး တိုးတက်လာပါတယ်။

စိုးထက်
Ref: AndroidPolice