App Camp Myanmar 2015 ကျင်းပပြုလုပ်မည်

10906124_431333913681473_4955873357731190426_n.jpg

MCC Group နှင့် Microsoft တို့မှ ဦးဆောင်ကာ မြန်မာနိုင်ငံအတွက် ပထမဆုံးသော App Camp Myanmar 2015 ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို ဇန်နဝါရီလ ၁၀ ရက်တွင် ရန်ကုန်မြို့ MICT Park Conference Hall ၌ လည်းကောင်း၊ ဇန်နဝါရီလ ၁၁ ရက်တွင် မန္တလေးမြို့ ရတနာပုံ စူပါစင်တာ၊ ၅ လွှာရှိ MCC.i သင်တန်းကျောင်း နေရာ၌ လည်းကောင်း၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ပြပွဲတွင် Bagan Innovation Technology Co.,Ltd မှ Wun Zinn App (Book Reader)၊ Nex Co., Ltd Hush (Social) မှ Nexy (Keyboard)၊ Home City Co.,Ltd မှ Home City (Real Estate)၊ Zwenexus Co.,Ltd မှ Yoke Shin (Movie Info)၊ My Lann Co.,Ltd မှ My Lann (Restaturant Guide)၊ Technomation Company မှ (App Store) ၊ My Web Solution မှ (Champion Quiz)၊ GMIT Company မှလည်း app များကို ဝင်ရောက်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် App သဘောတရားများ၊ တီထွင်ထုတ်လုပ်မှု နည်းပညာများ၊ Venture Capital ရနိုင်ပုံများ၊ အောင်မြင်သော စီးပွားရေးလုပ်ငန်းအသွင် ပြောင်းလဲလုပ်ဆောင်ရမည့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားပေးမည့်အပြင် လက်ရှိ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များ တီထွင်ထားပြီးသော App များကိုလည်း တပါတည်း ပြသထားမည်ဖြစ်သည်။

App Camp ကို ပြုလုပ်ပေးခြင်းဖြင့် မြန်မာနိုင်ငံအတွက် App တီထွင်ထုတ်လုပ်မှု သဘောတရားကို နားလည်သဘောပေါက်စေရုံသာမက အသုံးပြုနိုင်သော Tools များကိုလည်း သိရှိစေ ရန် ဖြစ်ပြီး App တီထွင်မှု  ပြုလုပ်နိုင်ရေးနှင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းများအသွင်သို့ ပြောင်းလဲနိုင်ရေး၊ ထိုကဲ့သို့ ရောက်ရှိရန် လိုအပ်သော Venture Capital အရင်းအနှီးများ ရယူနိုင်မည့် အခွင့်အရေး စသည်တို့ကို သိရှိနား လည်စေရန် ဖြစ်သည်။ Microsoft အနေဖြင့်လည်း ယင်း၏ နည်းပညာများဖြင့် App များ ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို သီးသန့် ရှင်းလင်းပြောကြား ပေးသွားမည်ဖြစ်သည်။

MCC Group ၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော စင်ကာပူနိုင်ငံမှ LEO Tech ကုမ္ပဏီမှလည်း MCC နှင့် ပူးတွဲထုတ်လုပ်ထားသော My Wallet Plus ဟူသော Mobile Payment စနစ်ကိုလည်း ရှင်းလင်းပြသမည်ဖြစ်ပြီး ယင်းစနစ်သည် App Developer များအတွက် အသုံးဝင်သော Payment Solution တစ်ခုအဖြစ် တင်ပြပေးမည်ဖြစ်ပြီး App Developer များအတွက် ငွေကြေး အရင်းအနှီး ရရှိစေသော Venture Capital ရရှိနိုင်မည့် Myanmar Investment Group မှ ရည်ရွယ်ထားသော အစီအစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြမည်ဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီလတွင် (App Competition) ကိုလည်း ရတနာပုံ ဆိုက်ဘာစီးတီး၌ ကျင်းပပြုလုပ်ပေးသွားရန်လည်း စီစဉ်ထားရှိသည်။ ယင်းပြိုင်ပွဲတွင် iOS, Android, Windows Phone စနစ် တစ်ခုခုဖြင့် အသုံးပြုနိုင်ရန် တီထွင်ထားသော App များ ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ပြိုင်ပွဲကို ၂ မျိုးထားရှိမည်ဖြစ်ကာ မည်သည့်နည်းပညာဖြင့်မဆို တီထွင်ထားသော App ပြိုင်ပွဲနှင့် Microsoft နည်းပညာဖြင့် ဆန်းသစ်တီထွင်ထားသော App ပြိုင်ပွဲများဖြစ်သည်။

ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ပေးမည်ဖြစ်ပြီး အလားအလာရှိသော App Developer Start-up များအတွက် Myanmar Investment Group မှ Venture Capital ပေးမည့် အစီအစဉ်လည်း ပါဝင်သည်။ တက်ရောက်လိုသူများအနေဖြင့် Facebook မှတစ်ဆင့် တက်ရောက်ရန် www.facebook.com/appcampmyanmar တွင် မှတ်ပုံတင်ပြီး တက်ရောက်နိုင်ကာ App Camp ပြုလုပ်မည့် နေ့တွင်လည်း နံနက် ၈ နာရီမှ ၉ နာရီ အထိ walk – in register ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ထပ်မံသိရှိလိုသော အချက်အလက်များအား ဖုန်း-၀၁-၂၄၆၆၃၄၊ ၂၃၀၄၁၅၆ နှင့် [email protected] တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မည်ဖြစ်သည်။