Android tablet နဲ့ ဖုန်းအတွက် Assistant ကို Google ဖြန့်ချိ

Android 7.0 Nougat နဲ့ 6.0 Marshmallow အသုံးပြုထားတဲ့ Android tablet တွေအတွက် Google Assistant ကို Google က မိတ်ဆက်ကြေညာလိုက်ပါတယ်။ Assistant ကို အရင်က Android ဖုန်းအချို့၊ Android Wear, Google Home နဲ့ iOS app အတွက် ဖြန့်ချိထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Android 5.0 Lollipop အသုံးပြုထားတဲ့ ဖုန်းတွေမှာလည်း ကုမ္ပဏီရဲ့ virtual personal assistant ကို တိုးချဲ့ဖြန့်ချိပေးနေတယ်လို့ Google က ပြောကြားခဲ့ပါတယ်။ Google Assistant ကို သုံးစွဲသူတွေက သူတို့ရဲ့အသံကိုသုံးပြီး အင်တာနက်ပေါ်မှာ ရှာဖွေတာ၊ event နဲ့ alarm တွေ စီစဉ်ထားတာ၊ hardware setting တွေ ချိန်ညှိတာ၊ Google account ကအချက်အလက်တွေ ဖော်ပြတာ စတဲ့လုပ်ဆောင်ချက်တွကို ပြုလုပ်နိုင်ပါတယ်။

အင်္ဂလိပ်ဘာသာစကားနဲ့ အသုံးပြုတဲ့ အမေရိကန်က Android tablet သုံးစွဲသူတွေက Google Assistant ကို လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ရရှိမှာဖြစ်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။

Android 5.0 Lollipop အသုံးပြုတဲ့ ဖုန်းသုံးစွဲသူတွေအတွက် Google Assistant ကို အမေရိကန်၊ ယူကေ၊ အိန္ဒိယ၊ သြစတြေးလျ၊ ကနေဒါ၊ စင်ကာပူတို့မှာ အင်္ဂလိပ်ဘာသာစကားနဲ့ သုံးစွဲတဲ့သူတွေအပြင် အမေရိကန်၊ မက္ကဆီကို၊ စပိန်တို့က စပိန်ဘာသာစကားနဲ့ သုံးစွဲသူတွေအတွက် စတင် ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: ZDNet