CES 2020 ပွဲအတွင်းက အလန်းစား ထုတ်ကုန်များ

နှစ်စဉ်ပြုလုပ်နေကျ CES ပွဲဟာ စတင်နေပြီ ဖြစ်ပါတယ်။ CES 2020 ပွဲကို ဇန်နဝါရီလ ၇ ရက်ကနေ ၁၀ ရက် အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ပွဲမှာ Samsung တီဗီအကြီးစား၊ ဝက်သားအတုနဲ့ ဒီဂျစ်တယ် လူသားတွေအထိ ပါဝင်ပြသခဲ့ကြပါတယ်။

Wall MicroLED TV

Samsung ဟာ နာမည်နဲ့လိုက်ဖက်တဲ့ Wall MicroLED တီဗီကို ပြသခဲ့ပါတယ်။ တီဗီမျက်နှာပြင် ၂၉၂ လက်မရှိပြီး CES ပြပွဲထဲမှာ အကြီးမားဆုံးတီဗီ ဖြစ်ပါတယ်။ အရွယ်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားပြီး ၈၈ လက်မ၊ ၉၃ လက်မ၊ ၁၁၀ လက်မနဲ့ လက်မ ၁၅၀ တို့လည်း ရှိပါတယ်။

Impossible Pork

ပြီးခဲ့တဲ့နှစ်က Impossible Burger 2.0 အောင်မြင်မှုရပြီးနောက် Impossible Food က အပင်နဲ့ပြုလုပ်ထားတဲ့ ဝက်သားအစားထိုး Impossible Pork ကိုဖြန့်ချိလိုက်ပါတယ်။ Impossible Burger လိုမျိုး Impossible Pork ရဲ့ ပရိုတိန်းက ပဲနဲ့ အဆီရင်းမြစ်အဖြစ် နေကြာနဲ့ စားအုန်းဆီကနေ ရရှိပါတယ်။ CNET အယ်ဒီတာတွေက CES မှာအသားကို မြည်းကြည့်အခါ ဝက်သားအရသာရတယ်လို့ ပြောထားပါတယ်။

Samsung ရဲ့ Neon project

Samsung ရဲ့ Neon AI စီမံကိန်းကတော့ လူသားလို ပြုမှုနိုင်တဲ့ ဗီဒီယို chatbot တွေဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ရည်မှန်းချက်ကတော့ သဘာဝကျတဲ့ ဒီဂျစ်တယ်လူသားတွေကို ဆရာ၊ ကျန်းမာရေးအကြံပေးနဲ့ လက်ထောက်အဖြစ် အသုံးချဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒီဂျစ်တယ်လူသားတွေက ထူးခြားတဲ့ အဖော်ဖြစ်နိုင်ဖို့ နေသားကျအောင် သင်ယူနိုင်ပါတယ်။

Galaxy Note 10 Lite

မျက်နှာပြင်အရွယ်အစား ၆.၇ လက်မနဲ့ ဘက်ထရီ 4,500mAh ပါဝင်တဲ့ Note 10 Lite ဟာ စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။ ဖုန်းမှာ နားကြပ်ပေါက်နဲ့ ကျောဘက်ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ ကင်မရာတွေရဲ့ အဓိက၊ telephoto နဲ့ ultrawide-angle lens မှာ 12 megapixel နဲ့ stylus တို့ပါဝင်လာပါတယ်။ ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက် မသိသေးပါဘူး။

Galaxy S10 Lite

Samsung က CES မှာ ဒုတိယမြောက် မိတ်ဆက်ခဲ့တဲ့ ဖုန်းကတော့ Galaxy S10 Lite ပဲဖြစ်ပါတယ်။ Note 10 Lite မှာ ၆.၇ လက်မ မျက်နှာပြင်နဲ့ ကျောဘက်ကင်မရာ ၃ လုံး ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာ 48-megapixel, 12-megapixel ultrawide-angle နဲ့macro lens 5-megapixel တို့ပါဝင်လာပါတယ်။ ဖုန်းမှာ stylus နဲ့ နားကြပ်ပေါက်မပါဝင်ပါဘူး။ ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက် အသေးစိတ်ကို မသိသေးပါဘူး။

TCL 10 Pro

တီဗီတွေထုတ်လုပ်တဲ့TCL က ဒေါ်လာ ၅၀၀ တန် ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ ဖုန်းမှာ နားကြပ်ပေါက်၊ Qualcomm Snapdragon 765G ပရိုဆက်ဆာ ပါဝင်လာပါတယ်။

OnePlus Concept One

OnePlus Concept One မှာကျောဘက်ကင်မရာကို ဖုံးထားနိုင်တဲ့ အထူးပြုလုပ်ထားတဲ့ မှန်ကို အသုံးပြုထားပါတယ်။ ကင်မရာ အသုံးပြုတဲ့အခါ မှန်က အနက်ရောင်ဖြစ်သွားမှာပါ။ ဓာတ်ပုံရိုက်ကူးမယ်ဆိုရင်တော့ မှန်ထည်က ကြည်လင်သွားပြီး ကင်မရာကို မြင်တွေ့ရနိုင်ပါတယ်။

TCL 5G ခေါက်စမတ်ဖုန်း

TCL ကခေါက်ထားနိုင်တဲ့ ရှေ့ပြေးပုံစံဖုန်းကို ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချဖွယ်ရှိပါတယ်။ ဖုန်းမျက်နှာပြင်က ၇.၂ လက်မ ရှိပြီး ဒေါ်လာ ၁,၅၀၀ တန်Motorola Razr flip ဖုန်းထက် ဈေးသက်သာမယ်လို့သိရပါတယ်။

Black Shark 2 Pro

Xiaomi က Black Shark 2 Pro gaming ဖုန်းကို CES မှာပြသခဲ့ပါတယ်။ ဖုန်းမှာ Qualcomm Snapdragon 855 Plus ပရိုဆက်ဆာနဲ့ CPU clock speed ကတော့ 2.96GHz အထိရှိပါတယ်။ ဖုန်းမှာ ပရိုဆက်ဆာကို အေးအောင် ပြုလုပ်မယ့် စနစ်ပါဝင်ကာ မျက်နှာပြင် ၆.၃၉ လက်မ AMOLED Samsung မျက်နှာပြင်နဲ့ 60Hz refresh rate တို့ပါဝင်လာပါတယ်။

Alienware Concept UFO ရှေ့ပြေးပုံစံ

အခုထုတ်ကုန်ကတော့Nintendo Switch နဲ့ဆင်ပါတယ်။ ဒါပေမဲ့ Alienware လက်ကိုင်ဂိမ်းစက်မှာ Windows ဂိမ်းတွေကိုပဲ ကစားနိုင်မှာ ဖြစ်ပါတယ်။

PS5

အသစ်ထွက်ရှိမယ့် PlayStation 5 မှာ AMD ချစ်ပ်အသုံးပြုထားပြီး တတိယမြောက်မျိုးဆက် Ryzen အခြေခံ CPU လည်းပါဝင်လာပါတယ်။ ဒါ့အပြင် 7 nanometer Zen 2 microchip မှာ core ၈ ခုပါဝင်လာပါတယ်။ Radeon ရဲ့ Navi အထူးဗားရှင်း အသုံးပြုထားကာ 8K ထောက်ပံ့ထားပါတယ်။ Sony က CES ပွဲမှာ PS5 လိုဂိုအသစ်နဲ့ ထွက်ရှိမယ့်ရက်ကိုပဲ ကြေညာသွားခဲ့ပါတယ်။

စိုးထက်
Ref: CNET