Cyber SEA Game 2019 ပြိုင်ပွဲအတွက် မြန်မာအသင်း သွားရောက်ယှဉ်ပြိုင်

မြန်မာကိုယ်စားပြုအသင်း အနေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ ကျင်းပမယ့် (၄) ကြိမ်မြောက် Cyber SEA Game ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ ထွက်ခွာသွားတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ mm-CERT ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Cyber SEA Game 2019 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပမှာဖြစ်ပြီး အာဆီယံနိုင်ငံများက လက်ရွေးစင်အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲလည်းဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲ ကြာမြင့်ချိန် ၈ နာရီ ဖြစ်ပြီး ပြိုင်ပွဲပုံစံမှာ Jeopardy CTF ပုံစံဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များ အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဆိုက်ဘာလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ Binary Exploitation၊ Web Security၊ Reverse Engineering၊ Cryptography နဲ့ Forensics ကဏ္ဍတွေကို ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းမှာ Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်) ပြိုင်ပွဲမှာ ဆုရရှိခဲ့ကြသူတွေဖြစ်တဲ့ မောင်စိုင်းဖုန်းဆိုင်ကျောက်၊ မောင်အောင်ခန့်မင်း၊ မောင်သူရမိုးမြင့်နဲ့ မောင်ဟိန်းသန့်ဇင်တို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ mmCERT ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာအသင်းအနေနဲ့ အောက်တိုဘာလက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံများမှ ပြိုင်ပွဲဝင်အသင်း ၃၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Singapore Cyber Conquest ပြိုင်ပွဲမှာ အဆင့် (၅) ရရှိခဲ့ပြီး နိုင်ငံအလိုက်အနေနဲ့ အဆင့် (၂) ရရှိခဲ့တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ