Developer Conference 2019 တွင် ယခင်နှစ်များနှင့် မတူသည့် အစီအစဉ်များပါဝင်မည်

အဋ္ဌမအကြိမ်မြောက် ကျင်းပမယ့် Developer Conference 2019 ကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ MICT Park မှာကျင်းပမှာဖြစ်ပြီး ယခုနှစ် အခမ်းအနားမှာ ယခင်နှစ်ကနဲ့ မတူတဲ့ အစီအစဉ်တွေ ပါဝင်မယ်လို့ သိရပါတယ်။

“ဒီနှစ်မှာ ထူးခြားတဲ့ အစီအစဉ်ဆိုရင် Tech debate လိုအစီအစဉ် ကျွန်တော်တို့ ထည့်ထားတယ်။ နောက်ပြီး Panel Discussion အစီအစဉ်ပါမယ်။ နောက်တစ်ခုက ပရောဂျက် display ဆိုတာရှိမယ်။ ပရောဂျက် display အတွက် ကွန်ပျူတာတက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေကို ဖိတ်ခေါ်ထားပါတယ်။ အဲ့နေ့ကျရင် သက်ဆိုင်ရာတက္ကသိုလ်တွေက ဆောင်ရွက်ခဲ့ဖူးတဲ့ ပရောဂျက်တွေကို ဒီမှာလာပြီး ပြသနိုင်ဖို့အတွက် စီစဉ်ထားတာရှိတယ်။ ပရောဂျက် display တွေဖိတ်ခေါ်ထားပေမယ့် နေရာအနေအထားအရ ၁၀ ဖွဲ့ပဲ ကျွန်တော်တို့ ရွေးချယ်ပြီးတော့ ပြသသွားမှာဖြစ်ပါတယ်”လို့ Developer Conference 2019 ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Developer Conference 2019 မှာ လက်ရှိအသုံးချနေတဲ့နည်းပညာများနဲ့ နောက်ပိုင်းမှာ ထွန်းကားလာမယ့် နည်းပညာတွေအကြောင်းကို စျေးကွက်အတွင်း လက်တွေ့လုပ်ကိုင်နေတဲ့ ပညာရှင်များမှ ဆွေးနွေးဟောပြောသွားမှာဖြစ်ကြောင်း Developer Conference 2019 တက်ရောက်ရန်အတွက် လက်မှတ်ဝယ်ယူရန် လိုအပ်ပြီး လက်မှတ်စျေးနှုန်းမှာ ၁၅,၀၀၀ ကျပ်ဖြစ်ကြောင်း သိရပါတယ်။

ပွဲနေ့မှာ ဝယ်ယူပါက ၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး အဆိုပါလက်မှတ်မှာ ပွဲတက်ရောက်ဆွေးနွေးမယ့် ပညာရှင်များနဲ့တွေ့ဆုံနိုင်မယ့် networking dinner နဲ့ နေ့လယ်စာတွေ ပါဝင်တယ်လို့ သိရပါတယ်။ ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို https://www.devconmyanmar.org/ မှာ ဝင်ရောက်လေ့လာနိုင်မှာဖြစ်သလို MCPA ရုံးခန်း ဖုန်း – ၀၁-၆၅၂၂၇၆ နဲ့ ၀၉၅၀၆၇၁၆၈ ကို ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။