Google ရဲ့ Pixel 4 face unlock မှာ အကြီးမားဆုံး အားနည်းချက်ရှိနေ

Google ဟာ Pixel 4 နဲ့ Pixel 4 XL ဖုန်းရဲ့ ထိပ်ဘက်မှာ အဆင့်မြင့် sensor အသုံးပြုထားပြီး ကိုယ်ပိုင် face unlock စနစ်ကို အသုံးပြုထားပါတယ်။ အဲဒီ နည်းပညာဟာ Apple ရဲ့ Face ID နဲ့ဆင်ပြီး Android မှာ authentication နည်းလမ်းအဖြစ် လုံခြုံစွာ အသုံးပြုနိုင်အောင် Google ကပြုလုပ်ထားပါတယ်။ ဒါ့အပြင် Google ရဲ့ face unlock က ပိုမိုမြန်ဆန်ပါတယ်။

ဒါပေမဲ့ Google ရဲ့ face unlock ဟာ မျက်စိပိတ်ထားတဲ့အခါမှာလည်း ဖွင့်နိုင်တဲ့ အားနည်းချက်ရှိနေတယ်လို့ BBC သတင်းထောက် ခရစ္စဖောက်စ်ကပြောခဲ့ပါတယ်။ Google ရဲ့ထောက်ပံ့မှု page ကလည်း face unlock နဲ့ပတ်သက်ပြီး အတည်ပြုခဲ့ပါတယ်။ “သုံးစွဲသူဖုန်းကို တစ်ယောက်ယောက်က ကိုင်ထားပြီး ကာယကံရှင်က မျက်စိပိတ်ထားရင်တောင် unlock လုပ်နိုင်ပါတယ်။ ဖုန်းကို လုံခြုံစိတ်ချရတဲ့ အိတ်ကပ် ဒါမှမဟုတ် လက်ဆွဲအိတ်ထဲ ထည့်ထားရပါတယ်” လို့သတိပေးထားပါတယ်။

ဒါကြောင့် သုံးစွဲသူ အိပ်ပျော်နေချိန်မှာ တစ်စုံတစ်ယောက်က ဖုန်းနဲ့ face unlock လုပ်နိုင်ဖွယ်ရှိနေပါတယ်။
ဒါပေမဲ့ Pixel 4 သုံးစွဲသူက လုံခြံရေးမြှင့်တင်ချင်ရင်တော့ facial recognition ကိုပိတ်တဲ့ lockdown mode ကိုအသုံးပြုနိုင်ပါတယ်။ Pixel 4 ရဲ့ Face Unlock ကို မျက်နှာဖုံး ဒါမှမဟုတ် ဓာတ်ပုံတွေနဲ့ မလှည့်စားနိုင်ဘူးလို့ Google ကပြောခဲ့ပါတယ်။ Face Unlock ကို အချိန်နဲ့တစ်ပြေးညီ တိုးတက်အောင် ပြုလုပ်သွားမယ်လို့ Google ကထုတ်ပြန်သွားပါတယ်။

စိုးထက်
Ref: BBC/TheVerge