Google Assistant အတွက် အသံအသစ်ကို ဘယ်လိုပြောင်းသုံးမလဲ

Google ရဲ့ AI-powered Assistant ဖြစ်တဲ့ Google Assistant ကို စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် ပိုမိုလူသားဆန်တဲ့ အသံအသစ် ခြောက်မျိုးကို စမ်းသပ်အသုံးပြုနိုင်အောင် ထုတ်ပေးလိုက်ပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာတော့ အဆိုတော် John Legend ရဲ့ အသံနဲ့ အသုံးပြုနိုင်မယ်လို့ ကြေညာထားပါသေးတယ်။

မိမိရဲ့ Android ဖုန်းမှာ Google Assistant စနစ် ထောက်ပံ့ ပါဝင်တယ်ဆိုရင်တော့ အသံထွက် အသစ်တွေကို အောက်ပါနည်းလမ်းအတိုင်း ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အရင်ဆုံး Google Assistant ကို ဖွင့်ဖို့အတွက် ဖုန်းရဲ့ Home ခလုတ်ကိုနှိပ်လိုက်ပါ ဒါမှမဟုတ် Hey Google ဆိုပြီး ပြောလိုက်ပါ။ ဒါဆိုရင်တော့ Google Assistant ပွင့်လာမှာဖြစ်ပြီး မြင်ကွင်းရဲ့ ညာဘက်ဘောင်နားက အပြာရောင် ဈေးဝယ်အိတ်ပုံစံ icon ကို တစ်ချက်နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ Explore စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး မြင်ကွင်းရဲ့ညာဘက် အပေါ်ထောင့်နားက အစက်သုံးစက်ဖြစ်တဲ့ menu icon ကို ထပ်နှိပ်ပါ။

menu icon ကို နှိပ်လိုက်ရင်တော့ ဘောက်တစ်ခုပေါ်လာမှာ ဖြစ်ပြီး Settings ဆိုတဲ့စာသားကို ရွေးလိုက်ပါ။

Settings စနစ်ထဲကို ရောက်သွားရင်တော့ Preferences ဆို တဲ့စာသားကို တစ်ချက်နှိပ်ပြီး စနစ်ထဲကို ဝင်ပေးရပါမယ်။

Preferences စနစ်ထဲကို ရောက်ရင်တော့ Assistant Voice စာသားကို ထပ်နှိပ်လိုက်ပါ။

Assistant Voice စနစ်ထဲကို ရောက်ရင်တော့ ရွေးချယ်စရာ အသံ ၈ မျိုးကို တွေ့ပါလိမ့်မယ်။ မိမိနှစ်သက်ရာအသံ တစ်မျိုးကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဲဒီအသံ ၈ မျိုးမှာ ယောက်ျား အသံ ၄ မျိုးနဲ့ မိန်းမအသံ ၄ မျိုးရှိမှာဖြစ်ပါတယ်။

– ရဲထွဋ်ဝင်း