METRO Wholesale Myanmar မှ ရှမ်းပြည်နယ်ရှိ စိုက်ပျိုးတောင်သူ ၄၈ ဦးအား GAP လက်မှတ်များပေးအပ်

အွန်လိုင်းပေါ်မှလက်ကားစျေးရောင်းပြီး အိမ်အရောက် လိုက်လံပို့ဆောင်ပေးသော ၀န်ဆောင်မှုပေးလျက်ရှိတဲ့ METRO Wholesale Myanmar မှ ရှမ်းပြည်နယ်ရှိစိုက်ပျိုးတောင်သူ ၄၈ ဦးကို မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးမှု GAP လက်မှတ် ပေးအပ်ချီးမြှင့်ပွဲကို နို၀င်ဘာလ ၁၄ ရက်က အောင်ပန်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ယမန်နှစ်အတွင်းက ရှမ်းပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးတောင်သူ (၂၀၀) ကျော်အား သီးနှံစိုက်ပျိုးထုတ်လုပ်ရေး မွမ်းမံသင်တန်းများ ပို့ချပေးခဲ့ရာ (၆၂) ဦးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပေးအပ်တဲ့ GAP အသိအမှတ်ပြုလက်မှတ်များကို အောင်မြင်စွာ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သီးနှံရိတ်သိမ်းမှုပုံစံနဲ့ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း တွေအတွက် သင်တန်းတွေပံ့ပိုးပေးခြင်းဖြင့် ပြည်တွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေကို ကုမ္ပဏီရဲ့ နိုင်ငံတကာချိတ်ဆက်လမ်းကြောင်းတွေကနေတစ်ဆင့် နိုင်ငံရပ်ခြားအထိ တင်ပို့ရောင်းချနိုင်မယ့် အခွင့်အလမ်းကောင်းတွေရရှိအောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ Metro Wholesale Myanmar ၏ CEO ဖြစ်သူ Mr Jens Michel ကပြောကြားခဲ့ပါတယ်။

METRO သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အရည်အသွေးပြည့်မီသော သီးနှံစိုက်ပျိုးရောင်းချသူများ၊ စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ နဲ့အတူ ပူးပေါင်းလုပ်ကိုင်နေပြီး ကြားခံရောင်းချသူ မပါဘဲ တိုက်ရိုက်ဘုံစနစ်ဖြင့် ဝယ်ယူမှုစနစ် (Common Sourcing and Purchasing Alliance Practice) ကို ဖန်တီးနေတယ်လို့ သိရပါတယ်။

-ဝေဝေ