Microsoft က Surface Laptop 3, Pro 7 နဲ့ Pro X ကို ထုတ်ဖော်မိတ်ဆက်

Microsoft ဟာ နှစ်စဉ်ကျင်းပနေကျ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Windows 10 ထောက်ပံ့ထားတဲ့ Surface ထုတ်ကုန်တွေအပြင် Surface Slim Pen ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်တွေကတော့ Surface Laptop 3, Surface Pro 7 နဲ့ Surface Pro X တို့ပဲဖြစ်ပါတယ်။

Surface Laptop 3

Surface Laptop 3 ဟာ အရင်မျိုးဆက်နဲ့ အနည်းငယ်ကွာခြားပါတယ်။ မျိုးဆက်သစ် Surface Laptop 3 မှာ ထူးခြားတဲ့ Alcantara finish ကိုအသုံးပြုထားတဲ့အတွက် လက်ကောက်ဝတ်ကို သက်သာစေပါတယ်။ ပုံမှန် အခြားမော်ဒယ်တွေမှာတော့ အလူမီနီယမ်ကိုပဲ အသုံးပြုထားတဲ့အတွက် သုံးစွဲသူက နှစ်သက်ရာမော်ဒယ်ကို ရွေးချယ်နိုင်ပါတယ်။ Surface Laptop 3 မှာ ကာလရှည်ကြာစောင့်မျှော်နေကြတဲ့ USB-C port ပါဝင်ပြီး အချက်အလက် လွှဲပြောင်းတာနဲ့ အခြားထုတ်ကုန်အသုံးပြုတာအပြင် အားသွင်းတာလည်း လုပ်နိုင်ပါတယ်။ Microsoft ရဲ့အားသွင်းကြိုးမှာ fast charging ပါဝင်ပြီး တစ်နာရီမပြည့်ခင်မှာ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပြီး တစ်ရက်အထိ အသုံးပြုနိုင်ပါတယ်။

Surface Laptop 3 မှာ ၁၃.၅ လက်မနဲ့ ၁၅ လက်မ မော်ဒယ်၂ မျိုးရှိပြီး aspect ratio 3:2 ဖြစ်ကာ ၁၃ လက်မ မော်ဒယ်မှာ Intel ရဲ့နောက်ဆုံးပေါ် မျိုးဆက်၁၀ ခုမြောက် Ice Lake quad-core ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ ၁၅ လက်မ မော်ဒယ်မှာ AMD ရဲ့ Ryzen မိုဘိုင်းချစ်ပ်အသစ်ကို အသုံးပြုထားပါတယ်။ CPU တွေက စိတ်ကြိုက်ဖန်တီးထားတဲ့ Ryzen Surface Edition silicon တွေဖြစ်ပါတယ်။ Surface Laptop 3 ရဲ့ keyboard က အရင်ကထက် ပါးလွှာသွားပေမယ့် အသံငြိမ်သလို သက်သောင့်သက်ရှိမယ်လို့ Microsoft က ပြောခဲ့ပါတယ်။

Surface Laptop 3 ရဲ့ ၁၃ လက်မနဲ့ ၁၅ လက်မ မော်ဒယ်အတွက် ၉၉၉ ဒေါ်လာနဲ့ ၁,၁၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါ တယ်။ ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာလ ၂၂ ရက်မှာ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။ ၁၃ လက်မ မော်ဒယ် အတွက် ဈေးနှုန်းတွေကတော့-

Core i5 8GB/256GB – ၁,၂၉၉ ဒေါ်လာ
Core i7 16GB/256GB – ၁,၅၉၉ ဒေါ်လာ
Core i7 16GB/512GB – ၁,၉၉၉ဒေါ်လာ အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။

Surface Pro 7

Surface Pro 7 မှာ USB-C connector ပါဝင်သလို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Surface Pen လည်း ပါဝင်လာပါတယ်။ Surface Pen ကို Word နဲ့ Excel မှာတည်းဖြတ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် လက်ရေးနဲ့ရေးသားမှုကို သိနိုင်တဲ့ feature လည်းပါဝင်လာပါတယ်။

Surface Pro 7 ဟာ Surface Pro 6 ကိုအဆင့်မြှင့်တင်ထားတဲ့ ထုတ်ကုန်ဖြစ်ပြီး မျက်နှာပြင် ၁၂.၃ လက်မ အရွယ်နဲ့ 3:2 aspect ratio ကိုဆက်လက်ထည့်သွင်းထားပါတယ်။
Core i3 4GB/128GB ကဒေါ်လာ ၇၄၉ ကျသင့်မှာ ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်မှာ တင်ပို့ရောင်းချပါမယ်။

Core i5 8GB/128GB – ၈၉၉ ဒေါ်လာ
Core i5 8GB/256GB – ၁,၁၉၉ ဒေါ်လာ
Core i5 16GB/256GB – ၁,၃၉၉ ဒေါ်လာ
Core i7 16GB/256GB – ၁,၄၉၉ ဒေါ်လာ
Core i7 16GB/1TB – ၂,၂၉၉ ဒေါ်လာ

Surface Pro X

Surface Pro 7 လိုမျိုးပဲ Surface Pro X ဟာ ဘက်စုံသုံးနိုင်တဲ့ tablet ဖြစ်ပြီး ဖြုတ်နိုင်၊ တပ်နိုင်တဲ့ keyboard ပါဝင်ကာ Surface SQ1 လို့အမည်ရတဲ့ Qualcomm chipset ကိုအသုံးပြုထားပါတယ်။
မျက်နှာပြင်အရွယ်အစား ၁၃ လက်မဖြစ်ပြီး ဘေးဘောင်သေးငယ်ပကာ Surface Pro ကိုယ်ထည်နဲ့ဆင်ပါတယ်။ Surface Slim stylus လည်းပါဝင်လာပါတယ်။ ထုတ်ကုန်တစ်ခုလုံးရဲ့ အလေးချိန်က ဂရမ် ၈၀၀ ရှိပြီး ၅.၃ မီလီမီတာ ပါးလွှာပါတယ်။ USB-C connector လည်းပါဝင်ပါတယ်။ နိုဝင်ဘာ ၅ ရက်မှာ ၉၉၉ ဒေါ်လာနဲ့ ရောင်းချပါမယ်။
Surface Slim ကို dock လုပ်လိုက်ရင် ကြိုးမဲ့အားသွင်းပေးမှာ ဖြစ်တဲ့အတွက် AAAA ဘက်ထရီတွေ ထည့်သွင်း စရာ မလိုတော့ပါဘူး။

စိုးထက်
Ref: GSMArena