QR Code ဖြင့်ပေးချေမှုများ တစ်ပြေးညီဖြစ်စေရန် ဆောင်ရွက်ဆဲကာလတွင် ဆိုင်းငံ့ထားသောပေးချေမှုများ ဆောင်ရွက်ပါက အရေးယူမည်ဟုဆို

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ QR Code နှင့်ပေးချေမှုများကို တစ်ပြေးညီဖြစ်စေရန်၊ International EMV Standard ဖြစ်စေရန်အတွက် MMQR Code Standard သတ်မှတ်နိုင်ရန် ပြည်တွင်းဘဏ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၊ MPU မှ ကိုယ်စားလှယ်များနှင့် စဉ်ဆက်မပြတ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိစဉ်ကာလတွင် Alipay, Wechat Pay စတဲ့ Closed Loop Payment Scheme ဖြင့် ပေးချေမှုများ ဆောင်ရွက်ခြင်းကိုဆိုင်းငံ့ထားပြီး လုပ်ဆောင်ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အရေးယူခံရမည်ကို ဗဟိုဘဏ်က ပြည်တွင်းဘဏ်များအားလုံးကို အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာ ၁၀ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့မှာ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက တရုတ်ခရီးသွားများ အသုံးပြုတဲ့ အွန်လိုင်းငွေပေးချေမှုစနစ် (We Chat Pay နှင့် Alipay) ကို တားမြစ် ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက်တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့တဲ့ အပေါ်ကို ပြန်လည် ဖြေကြားခဲ့တာမှာ ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ QR Code နှင့်ပေးချေမှုများကို တစ်ပြေးညီဖြစ်စေရန်နှင့် International EMV Standard ဖြစ်စေရန်အတွက် MMQR Code Standard သတ်မှတ်နိုင်ရန် ပြည်တွင်းဘဏ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီများ MPU မှ ကိုယ်စားလှယ်များနှင့် စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုပါတယ်။ ဒီလိုဆောင်ရွက်ဆဲကာလမှာ Alipay, Wechat Pay စတဲ့ Closed Loop Payment Scheme နဲ့ ပေးချေမှုများ ဆောင်ရွက်ခြင်းများကို ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၇၉ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၃၄ ပုဒ်မခွဲ(က)တို့အရ ဆိုင်းငံ့ထားရန်၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ အနေနဲ့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် မူဘောင်အတွင်းတွင်သာ လုပ်ဆောင်ရန်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၆၄ အရ တားမြစ်ချက်များကို လိုက်နာမှုမရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၂ အရ အရေးယူခံရမည်ကို ဗဟိုဘဏ်က ပြည်တွင်းဘဏ်များအားလုံးကို အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

-ကျော်ဇေယျ