Samsung Galaxy A02s

စျေးနှုန်း – ၁၈၉,၀၀၀ ကျပ် (4/64GB)

အားသာချက်

လူငယ်ကြိုက်ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ ရုပ်ထွက်ပိုင်းကောင်းမွန်တဲ့ ကျောဘက်ကင်မရာ ၃ လုံးပါဝင်တာ၊ 5000mAh ဘက်ထရီနဲ့ မြန်ဆန်မှုရှိတဲ့ 15W fast charging အားသွင်းစနစ်၊ ရှင်းလင်းတဲ့ One UI စနစ်တွေ သုံးထားတာက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

ရှေ့ဘက် ကင်မရာက 5MP အမျိုးအစားသုံးထားတာက ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် သိပ်အားမရဘူးလို့ ခံစားရတာ၊ လက်ဗွေလုံခြုံရေးစနစ် မပါတာနဲ့ USB OTG စနစ်တွေ မပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

  • Qualcomm Snapdragon 450 (14nm) CPU
  • Adreno 506 GPU
  • 4GB RAM
  • 64GB; microSDXD
  • Wi-Fi 802.11 a/b/g/n, Bluetooth 4.2
  • Android 10, One UI

သူ့အရင်မော်ဒယ် Galaxy A01 မှာတော့ Snapdragon 439 SoC ကို သုံးခဲ့ပေပေမယ့် ဒီဖုန်းမှာ Qualcomm ရဲ့Snapdragon 450 SoC ကို အဆင့်မြှင့် သုံးထားပြီး ဒီ SoC က လိုအပ်တဲ့ လုပ်ဆောင်ချက်မှန်သမျှကို မြန်ဆန်ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုရမှာပါ။ ဂရပ်ဖစ်အနေနဲ့ Adreno 506 GPU စနစ်ကို သုံးထားပါတယ်။ RAM 4GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 64GB ပါဝင်ပါတယ်။ ဂိမ်းကို အမြင့်ဆုံး settings နဲ့ ကစားနိုင်မှာ မဟုတ်ပေမယ့် သူ့မှာပါတဲ့ RAM နဲ့ ဂရပ်ဖစ်စနစ်တွေအရ ပုံမှန်ဂိမ်းတွဖြစ်တဲ့ MLBB, PUBG ဂိမ်းတွေကတော့ အဆင်ပြေပြေ ကစားနိုင်တာက entry-level ဖုန်းအတွက် နှစ်သက်စရာပါ။ ဖုန်းရဲ့ အောက်ဘက်ဘောင်ထဲက စပီကာရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှုရှိပေမယ့် အရမ်းကျယ်တယ်လို့တော့ မခံစားရပါဘူး။ Android 10 အခြေခံ One UI ကို အသုံးပြုထားပြီး အသုံးဝင်လှတဲ့ Android 10 လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Infinity V Display
  • 6.5 inches, PLS IPS display
  • 20:9 aspect ratio
  • 196g

Samsung Galaxy A02s ရဲ့ ပလတ်စတစ်ကိုယ်ထည် ကျောဘက်မှာ X ပုံစံ အရောင်ကို ရောစပ်ဖန်တီးထားတဲ့ လူငယ်ကြိုက်ဒီဇိုင်းက ဆွဲဆောင်မှုရှိလှပါတယ်။ ၁၉၆ ဂရမ်အလေးချိန်က ပေါ့ပါးမှုရှိသလို လက်ထဲမှာကိုင်ရတာ ကျစ်လျစ်မှုရှိတယ်လို့လည်း ခံစားရပါတယ်။ ရှေ့ဘက်မျက်နှာပြင်ကတော့ Samsung ရဲ့ Infinity V display မျက်နှာပြင်ပုံစံဖြစ်ပြီး သိသိသာသာ ရှေ့မျက်နှာပြင်ရဲ့ အောက်ဘက်ဘောင်က ကြီးတယ်လို့ ထင်ရပါတယ်။ ကျောဘက်ကင်မရာသုံးလုံးကို ဒေါင်လိုက်ပုံစံ လေးထောင့်ကွက်ထဲမှာ flash မီးနဲ့တွဲပြီး ထည့်သွင်းပေးထားတာက entry-level ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ပရီမီယံဆန်တယ်လို့ ခံစားရပါတယ်။ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်၊ အသံအတိုးအကျယ်ခလုတ်နဲ့ ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်တွေ ရှိပြီး အောက်ဘက်ဘောင်ထဲမှာတော့ နားကြပ်ပေါက်နဲ့ USB အားသွင်းပေါက်တွေရှိမှာဖြစ်ပါတယ်။ ဒီဖုန်းမှာ လက်ဗွေစနစ်တော့ မပါဝင်ပါဘူး။

ဒီဖုန်းရဲ့ ၆.၅ လက်မရှိတဲ့ PLS IPS LCD Display က ရုပ်ထွက်အရည်အသွေး 720×1600 pixel အထိထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၁.၈ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel densiy က 270 ppi ရှိတာက ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် သင့်တင့်တယ်လို့ ပြောလို့ရပါတယ်။ Display ရဲ့ ကာလာရုပ်ထွက်ပိုင်းက ကောင်းမွန်မှုရှိသလို လုံလောက်တဲ့တောက်ပမှုလည်းရှိပါတယ်။

ကင်မရာ

  • Standard: 13MP (wide), f/2.2, AF
  • 2MP, f/2.4 (macro)
  • 2MP, f/2.4 (depth)
  • Selfie : 5MP, f/2.2
  • LED flash

Galaxy A02s ရဲ့ ကျောဘက် အဓိက ကင်မရာက aperture f/2.2 ရှိတဲ့ 13MP အမျိုးအစားဖြစ်ပြီး ဒီကင်မရာစနစ်အတွက် AF နည်းပညာထောက်ပံ့ပါဝင်ပါတယ်။ အဓိက ကင်မရာနဲ့တွဲပြီး 2MP depth နဲ့ 2MP macro ကင်မရာ စုစုပေါင်း ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားပါတယ်။ အလင်းရောင်ကောင်းမွန်တဲ့ နေ့ပိုင်းရိုက်ကူးမှုအတွက် ကြည်လင်ပြတ်သားပြီး ကာလာရုပ်ထွက်ပိုင်း မြင့်မားကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပေမယ့် portrait ရိုက်ကူးမှုရဲ့ bokeh effect ကတော့ ဘတ်ဂျက်ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ ပုံမှန်စွမ်းဆောင်ရည်ထက် ထူးထူးခြားခြား ပိုကောင်းတယ်လို့ မခံစားရပါဘူး။ မတူညီတဲ့ နေ့ဘက်ပိုင်း ရိုက်ကူးမှုမှာ ကာလာပိုင်းအနည်းငယ် ကွဲပြားမှုရှိသလို noise အနည်းအများလည်း ကွာခြားသွားတာ သတိပြုမိပါတယ်။ ကာလာပိုင်းစိုပြည်ကောင်းမွန်မှုရှိသလို အလင်းအားနည်းတဲ့ အခြေအနေမျိုး ရိုက်ကူးမှုအတွက်လည်း Night mode စနစ် ထောက်ပံ့ပါဝင်ပြီး Live Focus, Panorama, Pro စတဲ့ လုပ်ဆောင်ချက်တွေလည်း ကင်မရာစနစ်မှာ ပါဝင်လာပါတယ်။

ရှေ့ဘက် 5MP selfie ကင်မရာက aperture f/2.2 ရှိတဲ့ ကင်မရာအမျိုးအစား ဖြစ်ပြီး ရုပ်ထွက်ပိုင်း ကောင်းမွန်မှုရှိပါတယ်။ နောက်ဘက်ကင်မရာနဲ့ 1080p အရည်အသွေးဗီဒီယိုကို 30fps ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

  • Li-Po 5000mAh
  • 15W Fast Charging
  • USB Type-C 2.0

Galaxy A01 တုန်းက 3000mAh ဘက်ထရီကိုသုံးခဲ့ပေမယ့် ခုဒီဖုန်းမှာ 5000mAh ဘက်ထရီကို ထည့်သွင်းပေးထားတာ နှစ်သက်စရာပါ။ Samsung ရဲ့ အဆိုအရ ဘက်ထရီနဲ့ကို ၂၄ နာရီကြာ အသုံးပြုနိုင်မယ်လို့ ဆိုထားပြီး အားသွင်းခေါင်းက USB Type-C အမျိုးအစား ဖြစ်ပါတယ်။ အားသွင်းစနစ်အတွက် 15W fast charging နည်းပညာထောက်ပံ့ပါဝင်ပြီး မြန်ဆန်မှုရှိတယ်လို့ ဆိုရမှာပါ။ ဈေးနှုန်းသိပ်မကွာတဲ့ ပြိုင်ဘက်မော်ဒယ်တွေလိုတော့ USB စနစ်မှာ USB On-The-GO (OTG) နည်းပညာ ထောက်ပံ့ပါဝင်ခြင်းမရှိပါဘူး။

သုံးသပ်ချက်

Samsung Galaxy A02s က သူ့အရင်ထွက်ခဲ့တဲ့ entry-level ဘတ်ဂျက်ဖုန်း Galaxy A01 ကို ပိုမိုကောင်းမွန် အဆင့်မြှင့်မှုတွေ လုပ်ဆောင်ထားပြီး ဈေးကလည်း Galaxy A01 ထက် မဆိုစလောက်လေး ပိုပေမယ့် RAM ပိုင်း၊ သိုလှောင်နိုင်မှုပိုင်း၊ CPU ၊ ကင်မရာပိုင်း၊ ဘက်ထရီပိုင်း စတဲ့ အဘက်ဘက် ပိုမိုကောင်းမွန်အောင် ဖန်တီးပေးထားတာ တွေ့ရပါတယ်။ နေ့စဉ်ပုံမှန် အသုံးပြုမှုအတွက် အဆင်ပြေတဲ့ ဖုန်းစွမ်းဆောင်ရည်၊ ကင်မရာစွမ်းဆောင်ရည်နဲ့ ကြီးမားတဲ့ Display တွေက ဖုန်းကို ဖုန်းအနေနဲ့သာမကဘဲ မာတီမီဒီယာထုတ်ကုန် အနေနဲ့ပါ အသုံးပြုနိုင်မှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ ကင်မရာပိုင်း ဒီထက် ပိုကောင်းတာ၊ လက်ဗွေစနစ်ပါတာနဲ့ USB OTG ပါတဲ့ entry-level ဘတ်ဂျက်ဖုန်းကိုသုံးချင်ရင်တော့ သူ့ထက်ဈေးအနည်းငယ် ပိုသက်သာပြီး ကင်မရာ သုံးလုံးနဲ့ ဘက်ထရီ 5000mAh ပါဝင်တဲ့ Huawei Y6P ရွေးချယ်နိုင်ပါတယ်။ ခြုံပြီးသုံးသပ်ရမယ်ဆိုရင်တော့ သင်က ဒီဇိုင်းလှပြီး ပေါ့ပါးမှုရှိတဲ့ ပြည်တွင်းမှာ လောလောလတ်လတ် မိတ်ဆက်ထားတဲ့ ဘက်စုံသုံး entry-level ဘတ်ဂျက်ဖုန်း ကောင်းကောင်းတစ်လုံးကို သုံးချင်ရင်တော့ Samsung Galaxy A02s က သင့်အတွက်လို့ဆိုချင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««