Star Wars Jedi: Fallen Order

Star Wars ဇာတ်လမ်းတွဲ အပိုင်း ၃ ဖြစ်တဲ့ Revenge of the Sith ကို ဂိမ်းအနေနဲ့ ဖန်တီးလာခြင်းပါ။ Jedi လို့ အမည်ပေးထားတဲ့ တိုက်ခိုက်ရေး သင်တန်းကို ပြီးဆုံးအောင်တက်ရောက်ဖို့အတွက် အာကာသစစ်မြေပြင်မှာ သင်တန်းသား Cal Kestis ကို စေလွှတ်ခြင်း ဖြစ်ပါတယ်။ Cal အနေနဲ့ သင်တန်းကို လက်တွေ့ ပုံစံစစ်မြေပြင်မှာ မိမိဆက်လက် ရှင်သန်နိုင်ရေးအတွက်ရော ပေးအပ်လာတဲ့ တာဝန်တွေကိုပါ ပြီးဆုံးအောင် ထမ်းဆောင်နိုင်ဖို့ပါ ကြိုးစားရမှာပါ။

Wins စနစ်အပြင် PS4 နဲ့ Xbox One တွေ အတွက်ထား ရှိထားပြီး တိုက်ခိုက်ရေး သီးသန့်မဟုတ်ဘဲ စွန့်စားခန်းပါ၀င်ရမယ့် ဂိမ်းပါ။ ဆိုလိုရင်းကရန်သူနဲ့တွေ့ တိုင်း တိုက်ခိုက် အနိုင်ရဖို့တင်မဟုတ်ဘဲ ရန်သူကိုရှောင်ရှားခြင်းတွေ၊ တံခါးတွေ၊ ပျောက်ဆုံးနေတဲ့ အရာတွေကို ရှာဖွေချိတ် ဆက်ခြင်းတွေပါ လုပ်ဆောင်ရပါ လိမ့်မယ်။ ဂိမ်းမှာ အားနည်းချက် တခုတည်းပဲ ပြောစရာရှိတာက Cal အနေနဲ့ပဲ ကစားနိုင်လို့ Single ပဲ ရမှာပါ။

သုံးသပ်သူတွေကတော့ ဆယ်စုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Star Wars ဂိမ်းတွေထဲမှာ ဖန်တီးမှု အကောင်းဆုံးလို့ သတ်မှတ်နေပါတယ်။ ဇာတ်လမ်းသွားအနေနဲ့တော့ အာကာသတွင်းဂြိုဟ်တွေ မှာသွားလာရင်း ရန်သူနဲ့တိုက်ခိုက်၊ စွမ်းရည်တွေ အဆင့်မြှင့်ပြီး အနိုင်ရအောင် ကစားရမှာ ဖြစ်ပေမယ့် ဖန်တီးမှုအပိုင်းမှာ ရုပ်ထွက်က အကောင်းဆုံးအနေအထား ဖြစ်လာတယ်၊ တိုက်ခိုက်ရမယ့် ရန်သူတွေကတော့ လူသားစစ်သားတွေတင် မဟုတ်တော့ဘဲ ဂြိုလ်ကမ္ဘာအသစ်ကငှက်ကြီးတွေ၊ အကြီးစားသတ္တဝါဆန်းတွေလည်း ပါ၀င်လာပါတယ်။

Cal အနေနဲ့ တွဲဖက်အဖြစ် အစ်မ၀မ်းကွဲတော်သူကို ထည့်ပေးထားပြီး သူမက ယာဉ်ပျံပေါ်ကနေ Cal လိုအပ်တဲ့ အချက်အလက်နဲ့ လက်နက်ကအစ လိုအပ်တာတွေ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ AI စနစ်နဲ့ ကူပေးမှာ ဖြစ်လို့ တိုက်ခိုက်ချိန်တွေမှာ Multi တွဲကစားသလို အထောက်ပံ့ ကောင်းကောင်းတော့ မရနိုင်ပါဘူး။ အခု Version မှာ ကမ္ဘာသစ်တစ်ခုကိုလည်း သွားရောက်ရမယ့် တာဝန်တစ်ခု ပါလာသလို အဆိုပါ ကမ္ဘာသစ်က နယ်ခံတွေကိုလည်း မိတ်ဖွဲ့ရ ခြင်းတွေ၊ ရန်သူတွေကို စုပေါင်းတိုက်ခိုက်ရခြင်းတွေလည်း ပါရှိလာပါတယ်။

လက်နက်အသုံးပြုနိုင်မှုကတော့ ယခင် Star Wars ဇာတ်လမ်းတွဲတွေထဲကလိုပဲ လေဆာဓားကို အဓိကသုံးရမှာပါ။ ထူးခြားချက်က ပစ်ခတ်ရေးအတွက်ရော ခြေရာခံစနစ်အတွက်ပါ ပခုံးထမ်း လက်နက်စနစ် အသေးစားလေး ပါလာတယ်၊ ထူးခြားတဲ့ စွမ်းရည်ဖန်တီးမှုမှာ Cal အနေနဲ့ လူသားပုံစံ လှုပ်ရှားသွားလာမှုအပြင် အဝေးကနေ တိုက်ခိုက်ဖို့ ခုန်၀င်ခြင်း၊ ခုန်ထွက်ခြင်းစတဲ့ စွမ်းရည်တစ်ခုတော့ ပိုထည့်ထားတာ တွေ့လာရပါတယ်။ စွမ်းအားအသုံးပြုနိုင်မှုပုံစံ ၃ ခု ခွဲပေးထားတာ တွေ့ရပြီး Push, Pull နဲ့ Slow တွေ ဖြစ်ပါတယ်။ ဒီပုံစံ ၃ ခုကတော့ရှေ့ထွက် Versionနဲ့ အတူ တူပါပဲ။

အခု Version မှာ Dark Side ဆိုတဲ့ အမှောင်ကမ္ဘာခြင်းမှာ သွားရောက်ကစားရမှုမပါဘဲ ဂြိုဟ်သစ်မှာ ခြေချပြီး စွန့်စားခန်း ၀င်စေတဲ့ သဘောပါ။ Jedi သင်တန်းပြီးဆုံးအောင်မြင်ဖို့ စစ်မြေပြင်ကို လက်တွေ့စေလွှတ်ခံရမှုဖြစ်ပြီး ဂိမ်းကို ဇာတ်လမ်းသွားအစ အဆုံးအနည်းဆုံးအချိန် ၆ နာ ရီနဲ့ အထက်လောက် ကစားရဖို့ ရှိနေပါတယ်။ သင့်အနေနဲ့ Star Wars ဇာတ်လမ်းတွဲတွေ ကြည့်နေကြဆိုရင်တော့ အခုဂိမ်းက ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှု အသစ်ကို ဖန်တီးထားတယ်ဆိုတာ သတိထားမိပါလိမ့်မယ်၊ကဲ .. ဘယ်လိုလဲ၊ Jedi သင်တန်းပြီးအောင် ကြိုးစားကြည့်မလား။