Super LCD Display နည်းပညာ

Super LCD (SLCD) Display နည်းပညာက LCD Display နည်းပညာကနေ တိုးတက်ဖြစ်ထွန်း လာတဲ့ Display နည်းပညာတစ်ခုပါ။ မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတော်တော်က သူတို့ရဲ့ မိုဘိုင်းဖုန်းတွေမှာ ဒီ SLCD Display နည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ ဒီ Super LCD panel တွေက S-LCD Corporation ရဲ့ ကိုယ်ပိုင်ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။

Super LCD တွေက သာမန် LCD တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံ မတူညီကြပါဘူး။ သာမန် LCD Display တွေက အပေါ်ယံ မှန်အလွှာနဲ့ LCD အလွှာကြားမှာ လေဟာနယ်ကြားခံကို ထည့်သွင်းထားပြီး SLCD တွေမှာတော့မပါဝင်ပါဘူး။ အဲလိုမပါဝင်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ Super LCD Display ကို အသုံးပြုရတာ ပုံမှန် LCD ထက် ပိုပြီးနီးကပ်မှုရှိတဲ့ ထိတွေ့မှုကို ခံစားရစေပါတယ်။

ဒီ Display နည်းပညာရဲ့ နောက်ထပ်အားသာချက်က ပုံမှန် LCD ထက် ပါးလွှာတဲ့အပြင် ပါဝါသုံးစွဲမှု Power consumption နည်းတာဖြစ်ပါတယ်။ နောက်ပြီး ဖုန်းကို ပတ်ဝန်းကျင်အလင်းရောင်များတဲ့ အပြင်ဘက် (outdoor) မှာ အသုံးပြုတဲ့အခါမျိုးမှာလည်း ကောင်းစွာမြင်တွေ့ အသုံးပြုနိုင်ပါသေးတယ်။

Super LCD Display တွေကို အများဆုံးအသုံးပြုတဲ့ မိုဘိုင်းဖုန်းထုတ်လုပ်သူကတော့ HTC ဖြစ်ပါတယ်။ တချို့စမတ် ဖုန်းထုတ်လုပ်သူတွေကလည်း Super LCD Display ကို အသုံး ပြုလျက်ရှိပါတယ်။ ဘာလို့လဲဆိုတော့ SLCD နည်းပညာက တခြား Display တွေလိုမျိုး subpixel ဖွဲ့စည်းမှုပုံစံနဲ့ ပုံရိပ်ကို ဖော်ဆောင်ပေးတာ မဟုတ်လို့ဘဲဖြစ်ပါတယ်။ အဲဒီကြောင့် SLCD Display တွေ က နောက်ခံအဖြူရောင်ဝက်ဘ် စာမျက်နှာတွေရဲ့ စာလုံးတွေကို ပြတ်သားစွာ မြင်တွေ့ရမှာဖြစ်တဲ့အပြင် ဗီဒီယိုကြည့်ရှုမှုကိုလည်း ကြည်လင်ကောင်းမွန်စွာနဲ့ ခံစားနိုင်မှာဖြစ်ပါတယ်။

အခုဆိုရင်တော့ Super LCD နည်းပညာက မျိုးဆက်တွေ များစွာရှိလာပြီဖြစ်ပါတယ်။ အခုဆိုရင် Super LCD 2 နဲ့ Super LCD 3 ထိရှိပြီဖြစ်ပါတယ်။ Super LCD 3 Display တွေက Super LCD 2 Display ထက် ပိုမိုတောက်ပပြီး ပိုမိုကျယ်ဝန်းတဲ့ ရှုထောင့် (viewing angles) တွေကို ထောက်ပံ့ပေးနိုင်ပြီဖြစ်ပါတယ်။ Super LCD မျိုးဆက်အနေနဲ့ Super LCD 6 ထိ ရှိနေပြီဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း