Tech Age Girls Myanmar Leadership Summit နှင့် ဆန်းသစ်တီထွင်သော ပြည်သူ့စာကြည့်တိုက်ဆုပေးပွဲ အခမ်းအနား ကျင်းပ

အူရီဒူးမြန်မာနဲ့ MBAPF (Myanmar Book Aid and Preservation Foundation) တို့ပူးပေါင်းပြီး Tech Age Girls Myanmar အတွက် Leadership Summit နှင့် ဆန်းသစ်တီထွင်သော ပြည်သူ့စာကြည့်တိုက် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ရှိ Yangon Innovation Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး တက်ရောက်ခဲ့ပြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက အမျိုးသမီးလူငယ်များ လူမှုပတ်ဝန်းကျင် အသီးသီးတွင် ခေါင်းဆောင်များဖြစ်လာစေရန် မှန်ကန်သောလမ်းကြောင်းနှင့် အခွင့်အလမ်းများကို ပေးအပ်မှုသည် အရေးပါကြောင်း၊ လူအများ စာကြည့်တိုက်များအပေါ် စိတ်ဝင်စားမှုမြင့်တက်လာစေရန်အတွက် ရှေးရိုးပြည်သူ့စာကြည့်တိုက်များကို ဆန်းသစ်တီထွင်မှုရှိသော စာကြည့်တိုက်များအဖြစ် အသွင်ပြောင်းလဲမှုတို့နှင့် ပတ်သက်ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း အစီအစဉ်မှာပါဝင်တဲ့ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူး တစ်ယောက်စီ အပါအဝင် စုစုပေါင်း သင်တန်းသား၂ ဦးစီက ဆရာဖြစ်သင်တန်းဖြစ်တဲ့ (Training of Trainers) ကို ရန်ကုန်မြို့မှာ တက်ရောက်ခဲ့ကြပြီး သင်တန်းပြီးဆုံးတဲ့အခါမှာ ၎င်းတို့ရဲ့ နယ်မြေဒေသအသီးသီးသို့ ပြန်လည်သွားရောက်ကာ TAG အမျိုးသမီးများကို ထပ်မံဆင့်ပွား ပညာဖြန့်ဝေကြတယ်လို့သိရပါတယ်။

သင်တန်းပြီးမြောက်သွားချိန်မှာ သင်တန်းသား၂၀ မှ ၎င်းတို့ရဲ့ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဦးချင်းစီ စီမံကိန်းများကို ဆောင်ရွက်ရမှာဖြစ်ပြီး ၎င်းတို့အနက် လူမှုပတ်ဝန်းကျင်လုပ်ငန်းများအား အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တဲ့ အထူးချွန်ဆုံး အမျိုးသမီး ၄ ဦးဖြစ်တဲ့ မစိုးစိုးသန့်၊ မထက်ရည်လွှမ်း၊ မဝင်းစန္ဒာအေး နဲ့ မဇွန်သက်မွန်တို့အား Tech Age Girls Summit မှာ အူရီဒူးမြန်မာမှ ဆုများ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

TechAgeGirls (TAG) အစီအစဉ်ဟာ မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် ၁၆ နှစ်မှ ၂၀ နှစ် အကြားရှိ အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာစေရန်နဲ့ ၎င်းတို့အား ပြည်သူ့စာကြည့်တိုက်များမှာ အခြေခံထားတဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းများ၊ အလုပ်ခွင်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို စိတ်ဝင်စားဖွယ်ကောင်းပြီး ထိရောက်မှုရှိတဲ့ အစီအစဉ်များနဲ့ သင်ကြားပေးခြင်းဖြစ်ပါတယ်။ Beyond Access Myanmar အနေနဲ့ ၎င်းအစီအစဉ်ကို နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များမှာ ဆောင်ရွက်ပေးလျက်ရှိနေပြီး MBAPF, ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အူရီဒူးမြန်မာတို့က မြန်မာနိုင်ငံသားများလေ့လာသင်ကြားနိုင်ရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်စေရေး ရည်ရွယ်ချက်နဲ့ ယခုအစီအစဉ်ကို ၂၀၁၆ ခုနှစ်က စပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

အူရီဒူးမြန်မာအနေနဲ့ TAG အစီအစဉ်အား ၎င်းရဲ့ အမြန်ဆုံးအင်တာနက်ကွန်ရက် ချိတ်ဆက်မှုနဲ့ ထောက်ပံ့ပေးခဲ့ပြီး အစီအစဉ်ရဲ့ အကျိုးကျေးဇူးများကို လက်တွေ့မြင်တွေ့ရပြီးနောက် အူရီဒူးမှ ၂၀၁၉ ခုနှစ်က စပြီး TAG အစီအစဉ်ရဲ့ အဓိက ပံ့ပိုးသူဖြစ်လာကာ ဒီဂျစ်တယ် စက်ပစ္စည်းများ၊ စာကြည့်တိုက်များမှာ အင်တာနက်ချိတ်ဆက်မှုများ၊ နည်းပညာနှင့် ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းများအတွက် သင်ကြားပို့ချမှု ကုန်ကျစရိတ်များ စသည်တို့ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။