The Hackathon 2019 နည်းပညာဆိုင်ရာပြိုင်ပွဲ အနိုင်ရရှိသူများ ထွက်ပေါ်လာ

အူရီဒူးမြန်မာနဲ့ UNDP တို့ ပူးပေါင်းကျင်းပတဲ့ The Hackathon 2019 မှာ အနိုင်ရရှိတဲ့အဖွဲ့ ၆ ဖွဲ့ ထွက်ပေါ်လာပါတယ်။ အနိုင်ရရှိသူတွေဟာ စုစုပေါင်း ပြိုင်ပွဲဝင် အရေအတွက် ၂၀၀ ကျော်အနက်မှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်တွေအားလုံးဟာ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ အောက်တိုဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ တစ်ပြိုင်နက် ကျင်းပပြုလုပ်ခဲ့တဲ့ ၂ ရက်ခွဲကြာ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အငယ်တန်းအဆင့်ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အဖွဲ့တွေကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အတွက် မန္တလေးမြို့မှ Team Glorious, ပညာရေးကဏ္ဍအတွက် ရန်ကုန်မြို့မှ Team MYLP 2K18 နဲ့ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာကဏ္ဍအတွက် ရန်ကုန်မြို့မှ Team F တို့ဖြစ်ကြပြီး မိုဘိုင်းအက်ပလီကေးရှင်းတွေဖြစ်ကြတဲ့ Sein Lan, Nyan-San နဲ့ Weather Smart တို့ကို အသီးသီး တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

ပညာရှင်အဆင့်ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အဖွဲ့တွေကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အတွက် ရန်ကုန်မြို့မှ Team Agri Light, ပညာရေးကဏ္ဍအတွက် ရန်ကုန်မြို့မှ Team Twee Twee နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍအတွက် ရန်ကုန်မြို့မှ Team Innovatory တို့မှ မိုဘိုင်းအက်ပလီကေးရှင်းတွေ ဖြစ်ကြတဲ့ Kyat Lat Pay, Twee Bot နဲ့ Sein တို့ကို အသီးသီး တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ The Hackathon 2019 နည်းပညာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁၂ မြို့မှ ပြိုင်ပွဲဝင်ပေါင်း ၃၀၀ ခန့် လျှောက်ထားခဲ့ကြပြီး ပြိုင်ပွဲဝင်ပေါင်း ၂၀၀ နီးပါးက ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။