Tom Clancy’s Ghost Recon Breakpoint

အခုနှစ်အတွက် ထွက်ရှိလာတဲ့ ဂိမ်းအားလုံးထဲမှာ ရုပ်ထွက်အကောင်းဆုံးလို့ သတ်မှတ်နိုင်မယ့် ဂိမ်းပါပဲ။ သဘောကျစရာအကောင်းဆုံးအချက် ၂ ချက်ကို အရင်ပြောပြပါရစေ။ ပထမတစ်ချက်က ရုပ်ထွက်လို့ ပြောခဲ့ပြီးသလို ရုပ်ထွက်အကောင်းဆုံး ထိပ်တန်းအဆင့်ရှိတယ်၊နောက်တစ်ချက်ကတော့ ဖန်တီးမှု၊ တိုက်ခိုက်ရေးဂိမ်းဖြစ်ပြီး သိပ္ပံခေတ်လွန် ပုံစံဖန်တီးထားမှုမှာ Drone လို နည်းပညာ ပစ္စည်းတွေ ထည့်သွင်းဖန်တီးထားမှုကအစ အသေးစိတ်တယ်၊ အမြင်ဆန်းတယ်၊ လုံးဝစိတ်ကြိုက်ပါပဲ။

အဆုံးမဲ့ ၀န်းကျင်ပုံစံနဲ့ Auroa ဆိုတဲ့ ကျွန်းမြေအတွင်းမှာ လည်ပတ်တိုက်ခိုက် ကစားရမယ်၊ ဒီကျွန်းက လက်နက်နဲ့ နည်းပညာ စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ တားမြစ်ကျွန်းကလေးတစ်ခု၊ ပစိဖိတ် သမုဒ္ဓရာထဲမှာရှိတယ်ပေါ့။ ကစားသူက Nomad လို့ အမည်ပေးထားပြီး Ghost လို့လည်း လူသိများတဲ့အထူး တပ်ဖွဲ့ဝင်တွေ အဖြစ်ဝင်ကစားရမယ်၊ ထူးခြားချက်က အခုဂိမ်းမှာ Single အဖြစ် ကစားလို့ မရဘူး။ Multi အနေနဲ့ပဲ အထူးတပ်သားတွေအဖြစ် ကစားရမှာပါ။

Platform စုံစုံနဲ့ ကစားနိုင်အောင် ဖန်တီးထားလို့ Wins စနစ်အပါအဝင် PS4, Xbox One တွေနဲ့ ကစားနိုင်ပေမယ့် Single အနေနဲ့မရဘဲ အမြဲတမ်း ကစားသမားလူစေ့ရှိမှ ကစားနိုင်မယ့် အချက်တစ်ခုက အားနည်းချက်လို ဖြစ်နေစေတာတော့ အမှန်ပါ။ Skell လို့ အမည်ရှိတဲ့ စစ်ဖက်နည်းပညာဆိုင်ရာ လေ့လာချက်တွေကို လုပ်ကိုင်နေတဲ့ Auroa ကျွန်းမှာ ဘာတွေ လုပ်နေသလဲ ဆိုတာ Nomad အဖွဲ့ အနေနဲ့ စုံစမ်းရမယ်၊ ခိုးဝင်ရမယ်၊ ပုန်းရှောင်ရမယ်၊ လိုအပ်ရင် တိုက်ခိုက်ရမယ်၊ ဖျက်ဆီးရမယ်ပေါ့။

ကျွန်းမြေမှာ တောင်တန်းတွေပါမယ်၊ ရွှံ့နွံတွေပါမယ်၊ သစ်တောတွေပါမယ်၊ ပုန်းအောင်ဖို့ဖြစ်စေ၊ အကာအကွယ်ယူပြီး တိုက်ခိုက်ဖို့ဖြစ်စေ၊ လက်တွေ့ ဘဝဆန်ဆန် ပတ်ဝန်းကျင်ပုံစံကို ဖန်တီးထားတာ တွေ့ရပါတယ်။ ကစားသူတွေအနေနဲ့ လေကြောင်းအကူရနိုင်တယ်၊ ကုန်းလမ်းသုံးကားတွေ ဆိုင်ကယ်တွေ စီးနင်းနိုင်မယ်၊ ပင်လယ်ထဲ သွားလာဖို့ လှေနဲ့မော်တော်ဘုတ် အသေးစားလေးတွေပါတယ်၊ Drone လို မောင်းသူမဲ့ယာဉ်တွေနဲ့ တိုက်ခိုက်လာနိုင်မှုတွေလည်းရှိမယ်၊ မောင်းသူမဲ့ စက်သေနတ်ကားတွေနဲ့ ပစ်ခတ်လာမှုတွေလည်းပါတယ်၊ တကယ့်သားရဲတွင်းပါပဲ။

အဖွဲ့လိုက် ၄ ယောက် ကစားရမယ့် အခုဂိမ်းမှာ ကစားသမား တစ်ယောက်ချင်းစီရဲ့ အားသာချက်တွေရှိမယ်၊ လက်နက်အသုံးပြုနိုင်မှုတွေ၊ ကျွမ်းကျင်မှုတွေရှိမယ်၊ အခန်းတစ်ခန်း အောင်မြင်ပြီတိုင်း Breakpoint ကိုရောက်မယ်၊ သူကကစားသမားတွေရဲ့ စွမ်းရည်နဲ့ လက်နက်တွေကို အဆင့်တင်နိုင်မယ့်နေရာပါ။ ကစားတဲ့ အဆင့်မြင့်လာလေလေ လက်နက်နဲ့ စွမ်းရည်တွေ Unlock ဖြစ်လာပြီး ကစားသူတွေက စွမ်းဆောင်ရည် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ရန်သူကို သတ်ဖြတ်နိုင်ပြီးတိုင်း Loot တွေရမယ်၊ စုထားပြီး Breakpoint မှာ မိမိရဲ့ စွမ်းရည်ကို အဆင့်မြှင့်နိုင်မှာ ဖြစ်ပါတယ်။

အခုဂိမ်းမှာ နောက်ဆုံးပြောချင်တဲ့ ထူးခြားချက်က ရန်သူတွေကို ဖန်တီးထားမှုပါ။ တခြားတိုက်ခိုက်ရေးဂိမ်းတွေမှာ ရန်သူက ဘယ်အဆင့်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့လာမယ်ဆိုတာ ပုံသေထည့်သွင်း ဖန်တီးထားပေမယ့် အခုဂိမ်းမှာတော့ ရန်သူက မိမိတို့ရဲ့ကစားဟန်ကိုလိုက်ပြီး ပြန်လည်တိုက်ခိုက်မှုတွေ၊ ရှောင်ဖယ်မှုတွေ၊ ပစ်ခတ်တာတွေ လုပ်လာပါလိမ့်မယ်။ တကယ်ကို လက်တွေ့ ဘဝဆန်ဆန် ဖန်တီး ထားမှုပါ။ ဒီတော့ ရုပ်ရှင်တစ်ကား ကြည့်နေရသလို ရုပ်ထွက်ကောင်းကောင်းနဲ့ လက်တွေ့ဆန်ဆန် ဖန်တီးမှုအကြားမှာ သင့်အနေနဲ့ အထူးတပ်ဖွဲ့ဝင်အဖြစ် တာဝန်တွေ ထမ်းဆောင်ကြည့်ဖို့ ၀န်လေးနေဦးမှာလား? ကျွန်တော်တော့ မထင်ပါဘူး၊ အခုပဲ Ghost အဖွဲ့သားတစ်ယောက်အဖြစ် ပါ၀င်လိုက်ပါတော့။